DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် ဘာသာရေးဖိနှိပ်မှု ပိုမိုမြင့်တက်ဟု အမေရိကန် ထုတ်ပြန်
DVB
·
June 3, 2022
စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် ဘာသာရေးဖိနှိပ်မှု ပိုမိုမြင့်တက်ဟု အမေရိကန် ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလ ဘာသာရေးဖိနှိပ်မှုတွေ ပိုပြီးတော့ မြင့်တက်လာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၁ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဇွန် ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီအစီရင်ခံစာကိုတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို စနစ်တကျ စုဆောင်းလေ့လာပြီး ထုတ်ပြန်ထားတာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုမတိုင်မီနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အရပ်သားအစိုးရကို ဖယ်ရှားကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ လူနည်းစု ဘာသာခြားတွေနဲ့ လူမျိုးဘာသာကွဲတွေကို ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးထိန်းသိမ်းမှုတွေ ပစ်မှတ်ထား အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာခဲ့ပြီး သတင်းအစီရင်ခံမှုတွေအရ စစ်အာဏာရှင်အဖွဲ့အစည်း လက်ထက်မှာ ပိုမိုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီ အာဏာရှင်အဖွဲ့အစည်းရဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်ခဲ့တာနဲ့ ဆက်လက်ပြီးတော့ ကျူးလွန်နေဆဲဖြစ်ပေမဲ့ ပြစ်ဒဏ်ခံရမှုက လုံးဝနီးပါး ဆက်လက်ကင်းလွတ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ နိုင်ငံသားတိုင်းဟာ ယုံကြည်ရာ ဘာသာတရား၊ သို့မဟုတ် ကိုးကွယ်ယုံကြည်မှုကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိတယ်လို့ ဖော်ပြထားပေမဲ့ တခြားကန့်သတ်ချက်တွေနဲ့ ပြန်လည်ထိန်းချုပ်ထားတာကို တွေ့ရပြီး စစ်အာဏာသိမ်းပြီးချိန်က စတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ တိုးမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တိုင်းရင်းသားတွေနေထိုင်ရာ ဒေသတွေမှာ လူမျိုးရေးနဲ့ ဘာသာရေးဟာ ခွဲခြားမရဘဲ စစ်အာဏာသိမ်းပြီးချိန်ကတည်းက အဆိုပါဒေသတွေမှာ အကြမ်းဖက်စစ်အုပ်စုက ဘာသာရေးဆိုင်ရာ ဘုရားကျောင်းတွေကို ပစ်ခတ်ဖျက်ဆီးတာ၊ ဘာသာရေးခေါင်းဆောင်တချို့ကို သတ်ပစ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူနည်းစု ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ အုပ်စုတွေကို ပစ်မှတ်ထားခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းမီဒီယာတွေကို ကိုးကားပြီးတော့ တနှစ်တာအတွင်း ဖြစ်စဉ်တွေကို အချက်အလက်တွေနဲ့တကွ ဖော်ပြထားတာကို တွေ့ရပါတယ်။

အဲဒီဖြစ်ရပ်တွေထဲမှာတော့ ကရင်နီပြည်နယ်က ကယန်းသာယာဘုရားကျောင်းကို စစ်ကောင်စီတပ်တွေ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အဆိုပါဘုရားကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၄ ယောက် သေဆုံးတဲ့ ဖြစ်စဉ် အပါအဝင် ဒီမော့ဆိုမြို့က စိန့်ဂျိုးဇက် ဘုရားကျောင်းကို စစ်အုပ်စုက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးသွားခဲ့ရပြီး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ စုဆောင်းနေတဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်၊ ဒါ့အပြင် ရန်ကုန်မြို့က ဗလီတခုမှာ မွတ်ဆလင်ဘာသာရေးဆရာတယောက်ကို နှုတ်ခမ်းနီဆိုး၊ အမျိုးသမီးတယောက်လို ဝတ်စေပြီး ကြိုးဆွဲချ သတ်ခံခဲ့ရတဲ့ ဖြစ်စဉ်၊ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့တဲ့ ခရစ်ယာန် သင်းအုပ်ဆရာတယောက်ကို စစ်သားတွေက ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တွေကို အစီရင်ခံစာမှာ ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထဲက ရက္ခိုင့်တပ်တော် (အေအေ) မှာလည်း ဒေသတွင်းက ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ အပါအဝင် ဒေသခံရွာသားတွေကို အတင်းအဓမ္မ ဖိအားပေး စစ်သင်တန်းတက်ခိုင်းတာမျိုးတွေ၊ အခငွေကြေးမပေးဘဲ အလုပ်ခိုင်းစေတာမျိုးတွေလည်း တွေ့ရှိရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်အထိ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗုဒ္ဓဘာသာဘုန်းကြီး ၃၅ ပါးနဲ့ ခရစ်ယာန်သင်းအုပ်ဆရာ ၉ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် အထူးပြင်းထန်စွာ ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တာကြောင့် “Country of Particular Concern” - CPC လို့ခေါ်တဲ့ အထူးစိုးရိမ်စရာကောင်းတဲ့ နိုင်ငံတွေစာရင်းထဲ အမေရိကန်အစိုးရက ပြန်လည်ထည့်သွင်းလိုက်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒီ့အရင် ၁၉၉၉ ခုနှစ်တုန်းကလည်း ဒီစာရင်းထဲ ထည့်သွင်းခံခဲ့ရဖူးပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာထုတ်ပြန်တိုင်း မြန်မာနိုင်ငံအနေနဲ့တော့ အစိုးရအဆက်ဆက် ကန့်ကွက်ကြောင်း ပြန်လည်တုံ့ပြန် ကြေညာချက်ထုတ်လေ့ရှိပါတယ်။

Photo-UKSY

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013