DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်ဟု ကေအန်ယူ ကြေညာ
DVB
·
May 9, 2022
စစ်ခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်ဟု ကေအန်ယူ ကြေညာ
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အားလုံး ပါဝင်ဆွေးနွေးတဲ့ အခင်းအကျင်းမဖြစ်တဲ့အတွက် တက်ရောက်မှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုဌာနချုပ်က  မေလ ၉ ရက် မှာ ကြေညာလိုက်ပါတယ်။

နိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုပါက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုတဲ့ သက်ဆိုင်ပတ်သက်သူတွေအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်ရမယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးကြဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို အာဏာသိမ်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်လိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့   ဧပြီ ၂၂ ရက်မှာ ဖိတ်ခေါ်ထားတာဖြစ်ပြီး   ဒီဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးစီ တက်ရောက်ပေးကြဖို့ တက်ရောက်မယ့်သူ ပုဂ္ဂိုလ်တွေရဲ့ အမည်ကို မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးဖို့လည်း ပြောထားတာ ဖြစ်ပါတယ်။

ဒီဖိတ်ကြားမှုနဲ့ပတ်သက်ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ မေလ ၉ ရက် မနက်မှာ ကေအန်ယူက သဘောထားထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး အခု ဖိတ်ကြားမှုဟာ ကန့်သတ်ဖိတ်ကြားမှုပုံစံ ဖြစ်နေတယ်။ သက်ဆိုင်ပတ်သက်သူတွေအားလုံး ပါဝင်ခြင်းမရှိတဲ့အတွက်  ဖိတ်ကြားမှုမှာ မျှော်မှန်းထားသလို ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မရရှိနိုင်သလို လက်နက်ကိုင်ပဋိပက္ခတွေလည်း ချုပ်ငြိမ်းနိုင်မှာမဟုတ်ဘူးလို့ ရှုမြင်သုံးသပ်တယ်၊ ဒါကြောင့် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးတဲ့ အခင်းအကျင်း မဖြစ်တဲ့အတွက် တက်ရောက်နိုင်မှာမဟုတ်ဘူးလို့  ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်အသစ်ဟာ ဆွေးနွေးဘက်တွေအကြား နိုင်ငံရေးစိတ်ဆန္ဒရှိမှုကို အခြေခံပြီး ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာတာ၊ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတာ၊ အာဏာရှင်စနစ် ချုပ်ငြိမ်းတာ၊ တပ်မတော်က နိုင်ငံရေးမှာ မပါဝင်တော့တာနဲ့အတူ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို လက်ခံတာ၊ အပြန်အလှန် လေးစားအသိအမှတ်ပြုပြီး တန်းတူညီမျှမှုနဲ့ တရားမျှတ မှန်ကန်တဲ့ ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးလိုတာ စတဲ့ စံတန်ဖိုးတွေကို ဦးထိပ်ထားတာအပြင် အဆင့်ဆင့်သော တွေ့ဆုံဆွေးနွေးမှုတွေမှာ နိုင်ငံတကာရဲ့ပါဝင်မှုကို လေ့လာသူတွေ၊ အကျိုးဆောင်ပံ့ပိုးပေးသူတွေ၊ သက်သေတွေအဖြစ်ပါဝင်ရမှာဖြစ်သလို နည်းပညာနဲ့ အရင်းအမြစ် ထောက်အကူပြုမှုတို့ ပါဝင်ရမယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။

ယုံကြည်မှုတည်ဆောက်ရေးဟာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံတခုဖြစ်တဲ့အတွက် ပြည်သူလူထုအား လေးစားတန်ဖိုးထားပြီး မငြိမ်းချမ်းမှုနဲ့ ပဋိပက္ခဖြစ်နေတဲ့ စစ်ပွဲတွေ၊ အကြမ်းဖက်တိုက်ခိုက်တာတွေ၊  ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာတွေ၊ ရွာမီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ လည်း‌ ကေအန်ယူက တောင်းဆိုလိုက်ပါတယ်။

လက်ရှိ အခြေအနေဟာ နိုင်ငံအနှံ့ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ စစ်ပွဲတွေကြောင့် ပြည်သူလူထုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်နေပြီး လတ်တလော ကာလအတွင်း စစ်ကောင်စီနဲ့ ပြုလုပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုဟာ ပြည်သူလူထုအတွက် လူသားချင်းစာနာမှု ဝင်ရောက်ခွင့်နဲ့ အရေးပေါ် အကူအညီပေးရေးဆိုင်ရာ ဆွေးနွေးပွဲတွေအတွက်သာ ဖြစ်ရမယ်လို့ ကေအန်ယူက ဆိုပါတယ်။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးယုံကြည်မှု၊ တိုင်းရင်းသားလူမျိုးများ ဘာသာစကားဓလေ့ထုံးတမ်း၊ ပထဝီ၊ ဒေသန္တရစုံလင်ကွဲပြားမှုတွေ ဖြစ်တည်ရှိတဲ့အတွက် ဖယ်ဒရယ် ဒီမိုကရေစီကျင့်စဉ်တွေ၊  အာဏာခွဲဝေမှုတွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်တွေနဲ့ လွတ်လပ်ခွင့်တွေကို စနစ်တကျ ထူထောင်တာ၊ လက်တွေ့ ကျင့်သုံးတာကသာ မှန်ကန်တဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းနဲ့ မိမိတို့နိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ လည်း ကေအန်ယူ  က ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ KNU ၊ KNPP၊   CNF ၊ ABSDF နဲ့ လားဟူလက်နက်ကိုင်အဖွဲ့တွေက မတက်ရောက်ဘူးလို့ သဘောထားထုတ်ပြန်ထားပါတယ်။

အန်စီအေအပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၅ ဖွဲ့နဲ့  မိုင်းလားအဖွဲ့လို့ လူသိများတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တို့ကတော့ နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013