Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလ တပ်စခန်းများကိုမတိုက်ခိုက်ရန်နှင့် တိုက်ခိုက်ပါက တုံ့ပြန်မည်ဟု စစ်ကောင်စီတပ် သတိပေး
DVB
·
April 22, 2022

ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ကာလအတွင်းနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း တပ်စခန်းတွေကို တိုက်ခိုက်တာ တပ်ဌာနချုပ်တွေကို နှောင့်ယှက်တိုက်ခိုက်တာမလုပ်ဖို့နဲ့  လုပ်ဆောင်ပါက တုံ့ပြန်သွားမယ်  ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးကြဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ‌ခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပြီးနောက် ခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။

အဆိုပါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထားတဲ့ကာလနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် အင်အားစုဆောင်းတာ၊ လှုပ်ရှားတာ၊ နယ်မြေချဲ့ထွင်တာ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေကို တိုက်ခိုက်တာ၊ တပ်ဌာနချုပ်တွေကို နှောင့်ယှက်တိုက်ခိုက်တာ မပြုလုပ်ဖို့နဲ့  ဒီလိုလုပ်ဆောင် လာပါက တပ်မတော်အနေနဲ့ လိုအပ်တဲ့ အရေးယူတုံ့ပြန်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းချက်ဟာ တိုင်းရင်းသား ‌တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ရည်မှန်းထားတဲ့ နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးပန်းတိုင်နဲ့ မကိုက်ညီဘူး လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့က အကြမ်းဖက်စစ်ကောင်စီကခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာက ကျနော်တို့ တိုင်းရင်းသား ‌တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ရည်မှန်းထားတဲ့ နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးပန်းတိုင်နဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။ သူကခေါ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ ပြန်လည်ဆွေးနွေးမယ့်ဟာတွေ ဖြစ်တယ်။ ကျနော်တို့ ဒီနေ့ ၂၀၀၈ က မြန်မာနိုင်ငံမှာ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် အထောက်အကူပြုစေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတခု ဖြစ်တယ်လို့ ကျနော်တို့က သတ်မှတ်ထားတာဖြစ်တယ်။”

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ “ကေအန်ယူရဲ့ သဘောထားကတော့ ရှင်းပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ကျနော်တို့ ဘယ်တော့မှ တခါမှလည်း မငြင်းဖူးပါဘူး။ ဒါပေမယ့် ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ ကျနော်တို့လည်း ထဲထဲဝင်ဝင် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါ ပါခဲ့တဲ့လူတွေ ဖြစ်တယ်။ စစ်တပ်နဲ့ သေချာ မျက်နှာချင်းဆိုင် ထိုင်ပြီးတော့ စကားပြောတာရှိတယ်။ ဒါပေမယ့် ကိုယ်ဖြတ်သန်းခဲ့တဲ့ အခြေအနေအရ တခုမှ အလုပ်မဖြစ်ဘဲနဲ့ ကန့်လန့်ကန့်လန့်နဲ့ တောက်လျှောက်လုပ်၊ နောက်ဆုံးကျတော့ အာဏာသိမ်းတာနဲ့ အဆုံးသတ်ရတဲ့အခါမှာ ကျနော်တို့ ဒီရဲတွေ့လာတဲ့ အတွေ့အကြုံကောင်းနဲ့ ကျနော်တို့ရရှိလာတဲ့ သင်ခန်းစာကောင်းကို အခြေပြုပြီးတော့ လာမယ့်ဆွေးနွေးပွဲတွေဟာ ဒီလိုမျိုး ဘယ်တော့မှ အဖြစ်မခံဘူးဆိုတာ ကျနော်တို့ ယတိပြတ် ဆုံးဖြတ်တယ်။ အဲဒါကြောင့် ဖြစ်ပေါ်လာမယ့် နိုင်ငံရေဆွေးနွေးပွဲဆိုရင် ကျနော်တို့လည်း ပြင်ဆင်ထားတာရှိတယ်။ ဘာလုပ်ရမလဲဆိုရင် ၁ အချက် ကျနော်တို့ တောင်းဆိုထားတဲ့၊ အထူးသဖြင့် ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေကို သူတို့က လက်ခံရမယ်။ အဲဒီအချက်တွေကို လက်မခံရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ဘာမှ လာပြောစရာ အကြောင်းမရှိဘူး။” လို့ ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းဆုကတော့ “ငြိမ်းချမ်းရေးကို အပြုသဘောဆောင်တယ်လို့တော့ မြင်တော့မြင်တယ်။ ဒါပေမဲ့ ဒီအပြောနဲ့အဆိုက ကိုက်ညီဖို့တော့ အဓိက ဖြစ်တယ်ပေါ့နော်။ အားလုံး အဲလိုမျိုး သဘောထားကျယ်ကျယ်နဲ့ ပြောတဲ့အခါကျတော့ စိတ်ထင်တော့ အားလုံး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောမှပဲ ဖြစ်မှာပေါ့နော်။ ပြောချင်တာကတော့ လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှ တနိုင်ငံလုံး အဖွဲ့ကြီးငယ်မဆို တော်လှန်နေတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့မယ်ဆိုရင်တော့ အဲလိုမျိုးသဘောထားနဲ့ အကျုံးဝင်ပြီးတော့ ပြောရင်တော့ အပြုသဘောဆောင်တယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့နော်။ ဒါပေမဲ့ လက်တွေ့က အဓိကဖြစ်ပါတယ်။”လို့ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF  ဥက္ကဋ္ဌ ရဲဘော်သံခဲက  “ကျနော့်ယူဆချက်အရ ပြောမယ်ဆိုရင် ဒီကနေ့ မြန်မာပြည်ရဲ့ ပြဿနာက ငြိမ်းချမ်းရေးပဲဆိုဆို၊ ဒီမိုကရေစီ ဖက်ဒရယ်ရေးပဲဆိုဆို ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာဟာ EAOs တွေနဲ့တင် ဆွေးနွေးနေရုံနဲ့ ရနိုင်တဲ့အဆင့် မဟုတ်တော့ဘူးလို့ ကျနော်ယူဆပါတယ်။ ဒါ ကျနော် နံပါတ် ၁ အချက် ပြောချင်တာပါ။ ဒီနေ့ပြဿနာ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုတရပ်လုံး ရင်ဆိုင်နေရတဲ့ ထိပ်တိုက်တွေ့နေရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အကောင်းဆုံးကတော့ ကျနော်ယူဆတဲ့ ယူဆချက်သည် နိုင်ငံရေးမှာ တပ်မတော်က အခုလိုမျိုးပေါ့နော် ဒီအာဏာကိုသိမ်းတယ်၊ နောက်တခုက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တခုကို နောက်ပြန်လှည့်တယ်ဆိုတဲ့ အခြေအနေက အာဏာသိမ်းမှုကြောင့်လို့ပဲ ကျနော်တို့က မြင်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီအခြေအနေမှာ ဒီလိုမျိုး ထပ်ပြီးတော့မှ အကြိမ်ကြိမ် မဖြစ်ဖို့အတွက်ဆိုရင် ကျနော်တို့တွေက ယုံကြည်မှုတွေ၊ အဲဒီယုံကြည်မှုတွေကလည်း ပြည်သူလူထု ယုံကြည်မှ ဖြစ်မှာခင်ဗျာ။ အဲဒီယုံကြည်မှုကလည်း ကနေ့အခြေအနေမှာ စစ်ကောင်စီအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုက အတော်ကျဆင်းနေတဲ့ အခြေအနေမျိုးဖြစ်တယ်။ တဆက်တည်းမှာပဲ ဒီနေ့ဖြစ်နေတဲ့ ပြည်သူလူထုနဲ့ ပြဿနာတွေ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ရွာတွေ မီးရှို့ခံနေရတာတွေ၊ မတရား ရိုက်သတ်ခံနေရတာတွေ၊ မတရားဖမ်းဆီးနေတဲ့ အခြေအနေတွေဟာ လက်တွေ့ဘဝဖြစ်တယ်။ အဲလို လက်တွေ့ဘဝတွေကို ကျနော်တို့ ဒီလုပ်ဆောင်နေတဲ့ဟာတွေကို မရပ်ဘဲနဲ့ အခုလိုမျိုး EAOs တွေချည်း ဆက်တိုက်ဖိတ်ပြီးတော့မှ ဆွေးနွေးမယ်ဆိုရင်လည်း ဒီဆွေးနွေးပွဲတွေကတော့ ကျနော်ထင်တယ် တိုင်းပြည်အတွက် အကျိုးထက် အဆိုးတွေပဲ ပိုပြီးဖြစ်မယ်၊ ပိုပြီးတော့ပဲ ရှုပ်ထွေးစေမယ့် နိုင်ငံရေးအခင်းအကျဉ်းတွေ ဖြစ်စေနိုင်ပါတယ်။ ”လို့ ပြောပါတယ်။

တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့  ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု တွေ  ရပ်စဲပေးထားပြီး ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကာ  တစ်နိုင်ငံလုံးတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့လည်း  ကြေညာထားပေမဲ့ တဖက်မှာ နိုင်ငံတဝန်း ကျေးရွာတွေကို မီးရှို့၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်၊ တိုင်းရင်းသားဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024