Home
မြန်မာသတင်း
သွင်းကုန်လိုင်စင်မရှိသည့် ကုန်ပစ္စည်းများ ဆိပ်ကမ်း၌ တွေ့ရှိပါက အရေးယူမည်
DVB
·
April 21, 2022

သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ် ခွင့်ပြုချက် မရှိဘဲ သင်္ဘောတင်လာခဲ့ပြီး ဆိပ်ကမ်းမှာ ကုန်ပစ္စည်းတွေ ကြိုတင်ရောက်ရှိ နေကြောင်း စိစစ်တွေ့ရှိပါက ပို့ကုန်၊သွင်းကုန် ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက သတိပေးထုတ်ပြန် ထားပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာဖော်ပြချက်အရ သွင်းကုန်လိုင်စင် လျှောက်ထားဖို့ လိုအပ်တဲ့ ကုန်စည်တွေအတွက် တင်သွင်းမှုနဲ့ ပတ်သတ်ပြီး ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တွေ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်ကို ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အရင်ကတော့ သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထားရာမှာ လွယ်ကူလျင်မြန်စေရေးအတွက် သွင်းကုန်လိုင်စင်ပါမစ်အား ခွင့်ပြုချက် မရမီ ကြိုတင် သင်္ဘောတင် ခွင့်ပြုပေးခဲ့တာကြောင့် ရန်ကုန်ဆိပ်ကမ်း သို့မဟုတ် လေဆိပ်သို့ ကုန်ပစ္စည်းတွေ ဆိုက်ရောက်တဲ့ နေ့မှာ သွင်းကုန်လိုင်စင်ပါမစ် ခွင့်ပြုချက်ကို ရရှိထားရမှာ ဖြစ်ပေမဲ့ အဆိုပါနေ့အထိ လိုင်စင်ပါမစ် ခွင့်ပြုချက် မရရှိသေးပါက ကြိုတင်သင်္ဘော တင်သွင်းရောက်ရှိခြင်းအနေနဲ့ သတ်မှတ် ခွင့်ပြုပေးခဲ့ပါတယ်။

အခုလို ဖြေလျှော့ပေးထားတဲ့အပေါ် လုပ်ငန်းရှင်အချို့က အခွင့်ကောင်းယူကာ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်ပစ္စည်းတွေ ရောက်ရှိလာမှသာ သွင်းကုန်လိုင်စင်ပါမစ်အတွက် လျှောက်ထားမှုတွေ ရှိလာတာကြောင့် သွင်းကုန်လိုင်စင်ရယူ တင်သွင်းရမယ့် ကုန်ပစ္စည်းတွေအတွက် ခွင့်ပြုချက် မရမီ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းတွေ ကြိုတင်မရောက်ရှိစေရဟု ပြင်ဆင်သတ်မှတ်လိုက်တဲ့အကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနက အခုလိုပြင်ဆင်လိုက်တာက ကုန်သွယ်မှုအပေါ် နှောင့်နှေးကြန့်ကြာမှုသာ ဖြစ်ပေါ်စေတယ်လို့ စီးပွးရေးလုပ်ငန်းရှင်တွေက ထောက်ပြပြောပါတယ်။

ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်ကြီးတဦးက “အခုဟာက ကုန်သွယ်မှုကို နှောင့်နှေးကြန့်ကြာစေတာပေါ့။ ကုန်သွယ်မှုကို ဖွံ့ဖြိုးစေချင်တယ်၊ စီးပွားရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ကုန်သည်တွေအတွက် စည်းကမ်း မဖောက်ဖျက်သော လွယ်ကူတဲ့စနစ်တွေကို ချပေးပေါ့။ သက်သောင့်သက်သာရှိစေတဲ့ ဥပဒေကို ချပေး၊ ဖောက်ပြန်ရင်တော့ စည်းကမ်းနဲ့အညီ အရေးယူပေါ့။ လူတိုင်းက သမာသမတ်ကျတယ်လို့တော့ မပြောပါဘူး။ စီးပွားရေးလုပ်ငန်း လုပ်နေတဲ့သူတွေမှာလည်း နည်းမျိုးစုံနဲ့လုပ်နေကြတာဆိုတော့ မဖြောင့်မမှန်တွေလည်း ရှိမှာဘဲ။ မဖြောင့်မမှန်ရှိရင် မဖြောင့်မမှန်တဲ့သူတွေကို အရေးယူပေါ့။ တိတိကျကျလုပ်ပေါ့။ ဖြောင့်ဖြောင့်မတ်မတ်လုပ်နေတဲ့သူတွေကိုတော့ ဖြောင့်ဖြောင့်မတ်မတ်နဲ့ ခွင့်ပြုပေးပေါ့။ အခုက ချမှတ်လိုက်တဲ့ ဥပဒေတွေ လုပ်ထုပ်လုပ်နည်းတွေဆိုတာက လက်ရှိ ခေတ်ကာလနဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလား ဆိုတာကို လုပ်ငန်းရှင်တွေအား ခေါ်တွေ့ပြီး မေးမြန်းမှဘဲ အဖြေပေါ်မှာပေါ့။ ထိုင်ခုံပေါ်ကပဲ  ဆုံးဖြတ်နေလို့ကတော့ ဘယ်မှန်ပါ့မလဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တဦးကလည်း “လက်ရှိကတော့ သွင်းကုန်သမားတွေအဖို့ အဆင်မပြေဘူးပေါ့။ ဘယ်ဘက်ကမှ အဆင်မပြေပါဘူး။ ရောက်လာတဲ့ ကုန်တွေက စည်းကမ်းနဲ့ ညီညွတ်တယ်၊ မညီညွတ်ဘူး ဆိုတာ သူ့ဘာသာ စိစစ်ပေါ့။ ဥပမာ invoice ပေါ့၊ သင်္ဘောတင်စာရွက်စာတမ်းထဲမှာ ၁၃၀၀ အင်ဂျင်ကား လို့ ရေးထားတယ်။ ဒါပေမဲ့ ရောက်လာတဲ့အခါ အင်ဂျင်ပါဝါ ၄၀၀၀ ကျော် ဖြစ်နေတယ်ဆိုရင် သိမ်းပေါ့။ အရေးယူပေါ့။ တကယ်လို့ ရေးထားတဲ့အတိုင်း မှန်ကန်ရင် လိုင်စင်ထုတ်ပေးပေါ့။ ပြီးတော့ လိုင်စင်လိုတဲ့သူတွေအတွက်က တမျိုး၊ လိုင်စင်မလိုတဲ့သူတွေအတွက်က တမျိုးဆိုတော့ ပြောရရင် အဆင်မပြေလှပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်ပမှ တင်သွင်းတဲ့ ကုန်စည်တွေနဲ့ စပ်လျဉ်းပြီး သွင်းကုန်လိုင်စင်လျှောက်ထားရာမှာ လိုအပ်တဲ့ ကုန်စည်လိုင်းတွေအဖြစ် ပထမအဆင့်၊ ဒုတိယအဆင့်နဲ့ တတိယအဆင့် ဆိုပြီး သတ်မှတ်ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဘယ်ကုန်စည်ကိုမဆို ပင်လယ်ရေကြောင်း အပါအဝင် လေကြောင်းနဲ့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေက တဆင့် တင်သွင်းရာမှာ ၂၀၂၂ မေ ၁ ရက်ကစပြီး လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမယ်လို့ စစ်ကောက်စီလက်အောက်ခံ စီးပွားကူသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လုပ်ငန်းရှင်အချို့သည်လိုက်နာ ဆောင် ရွက်ခြင်းမရှိဘဲ    ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ သွင်းကုန်လိုင်စင်  လျှောက်ထားမှု များရှိနေပြီး    ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များနှင့် ဆန့်ကျင် လျက်ရှိနေကြောင်း  သိရှိရသည်။ ထို့ကြောင့်မလို လားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေ ရေးအတွက် သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ပါမစ်များခွင့်ပြုချက်ရမှသာ သင်္ဘောတင်ခြင်းများ    ပြုလုပ်သင့်ကြောင်း အဆိုပါ သတင်းလွှာ အတွင်း  ထည့်သွင်း ရေးသားထားသည်။

စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည်  ယခင်က သွင်းကုန်လိုင်စင်၊ သွင်းကုန် ပါမစ် လျှောက်ထားရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် သွင်းကုန်လိုင်စင်၊ ပါမစ် ခွင့်ပြုချက်မရမီ ကြိုတင်သင်္ဘော တင်ခြင်းကို ခွင့်ပြုခဲ့ပြီး  ယင်းတင်သွင်းပစ္စည်းများသည်  ရန်ကုန်ဆိပ်ကမ်း၊    လေဆိပ်သို့ ဆိုက်ရောက်သည့်  နေ့တွင် သွင်းကုန် လိုင်စင်၊ သွင်းကုန်ပါမစ်  ခွင့်ပြုချက်   နောက်ဆုံးရရှိထား ရမည်ဖြစ်ပြီး ယင်းနေ့အထိ လိုင်စင်၊   ပါမစ်များ ခွင့်ပြုချက် မရရှိသေးပါက ကြိုတင်သင်္ဘော တင်သွင်း  ရောက်ရှိခြင်း အဖြစ် သတ်မှတ် ခွင့်ပြုပေးခဲ့သည်။

သို့သော် ယင်းဖြေလျှော့ ဆောင်ရွက်ပေးခြင်းကို   အခွင့် ကောင်းယူကာ အချို့လုပ်ငန်းရှင် များက     ရန်ကုန်ဆိပ်ကမ်းသို့ ပစ္စည်းများ       ရောက်ရှိမှသာ သွင်းကုန်လိုင်စင် လျှောက် ထားမှု များရှိ လာသဖြင့်  ၂၀၁၅  ခုနှစ် အောက်တိုဘာလ  အတွင်းက အမိန့်ကြော်ငြာစာတစ် စောင်ကို ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ    ၂၀၁၅    တွင် သွင်းကုန်လိုင်စင်ရယူ တင်သွင်း ရမည့် ပစ္စည်းများအတွက် ခွင့်ပြု ချက်မရမီ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်မရောက် ရှိစေရဟု ကြေညာခဲ့သည်။

ထို့အတူ  ဝန်ကြီးဌာနသည် ၂၀၂၀  ပြည့်နှစ်  ဇူလိုင်လအတွင်း သွင်းကုန်လိုင်စင်  ရယူတင်သွင်း ရမည့်     ကုန်ပစ္စည်းများအတွက် အကောက်ခွန် ကုန်သိုလှောင်ရုံသို့  ထည့်သွင်း ရန် တင်သွင်း လာသည့် ကုန်စည်များမှအပ ကျန်ကုန်စည် များအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင် ရောက်ရှိခြင်း မရှိစေရဟု ပြင်ဆင်သတ်မှတ်ခဲ့ သည်ကိုလည်း မြင်တွေ့ရသည်။ ယင်းအမိန့်စာတွင်မူ အကောက်ခွန် ကုန်သိုလှောင်ရုံတွင် ထည့် သွင်းရန်အတွက်မဟုတ်ဘဲ ပြည်တွင်းသို့ တိုက်ရိုက်တင်သွင်း မှုနှင့်ပတ်သက်၍ လိုင်စင်လျှောက် ထားရန် လိုအပ်သော ကုန်စည်များအား    စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်လိုင်စင်        မရရှိဘဲ တင်သွင်းပြီး ဆိပ်ကမ်းသို့ ကြိုတင် ရောက်ရှိပါက  အဆိုပါတင် သွင်းသော ကုမ္ပဏီကို ပို့ကုန်၊ သွင်းကုန် ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိပြီးဖြစ်သည်။

Photo -PortAuthority

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024