DVB Logo
Home
မြန်မာသတင်း
မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးများ တရုတ်ပြည်သွား
DVB
·
March 31, 2022
မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးများ တရုတ်ပြည်သွား
Donate to DVB

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေဟာ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဖိတ်ကြားချက်အရ ဒီနေ့ မတ် ၃၁ ရက်မှ ဧပြီ ၃ ရက်အထိ တရုတ်နိုင်ငံကို လာရောက်မယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီး လေးဦးရဲ့ ဒီခရီးစဉ်ဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထင်ဟပ်စေရုံသာမက တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဘက်ပေါင်းစုံကနေ မြင့်မြင့်မားမား မျှော်မှန်းချက်ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝမ်ဘင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အရေးကြီးတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့ဟာ တရုတ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းတွေဖြစ်သလို Belt and Road အစီအစဉ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာမှာ အရေးပါတဲ့ မိတ်ဘက်တွေ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ဖို့ အာဆီယံအဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်ရှိပါကြောင်း တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အလေးအနက် ပြောကြားခဲ့ပါတယ်။

ဒီခရီးစဉ်အတွက် တရုတ်နိုင်ငံရဲ့ မျှော်မှန်းချက်တွေကို ဝန်က ပြောဆိုခဲ့ရာမှာတော့ တရုတ်နိုင်ငံဟာ မနှစ်က နှစ် ၃၀ ပြည့် တရုတ်-အာဆီယံ ဆွေးနွေးခြင်းဆက်ဆံရေး အထူးထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ ဘုံနားလည်မှု ရလဒ်တွေကို အကောင်အထည်ဖော်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပဏာမခြေလှမ်းများကို မြှင့်တင်ဖို့တွေအတွက် အာဆီယံနဲ့ လက်တွဲဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ လက်ရှိ ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေတွေကို ဝန်ကြီးတွေနဲ့ အပြည့်အဝ အမြင်ချင်း ဖလှယ်ပြီးတော့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ကမ္ဘာကြီး သာယာဝပြောရေးအတွက် အပြုသဘောဆောင် အားစိုက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မတ်လအစောပိုင်းက အမေရိကန်နဲ့ အာဆီယံတို့ကြား စီစဉ်ထားတဲ့ အထူးထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရပြီး အမေရိကန်နဲ့ တွေ့ဆုံဖို့ နှောင့်နှေးနေချိန်မှာ အာဆီယံဝန်ကြီးတချို့က တရုတ်နိုင်ငံကို သွားရောက်ကြတာ ဖြစ်ပါတယ်။

ယူကရိန်း အကျပ်အတည်းကြောင့် အာဆီယံဟာ အမေရိကန်နဲ့ တွေ့ဆုံမှုကို ရှောင်ရှားဖို့ ကြိုးစားခဲ့ကြောင်း Tsinghua တက္ကသိုလ်ရှိ မဟာဗျူဟာဌာနမှ သုတေသနဌာန ဒါရိုက်တာ ကျီအန်ဖန်းက Global Times သတင်းစာကို ပြောကြားခဲ့ပါတယ်။

အခြေအနေက တင်းမာမှုတွေ ပိုတိုးလာစေမယ်လို့ ယုံကြည်တာကြောင့် အာဆီယံက ယူကရိန်း အကျပ်အတည်းမှာ အမေရိကန်ဘက်ကို မရွေးချင်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကို အာဆီယံ အပါအဝင် နိုင်ငံတကာက အသိအမှတ်မပြုဘဲ ဒေသတွင်း ထိပ်သီးအစည်းအဝေးပွဲတွေမှာလည်း တက်ခွင့်မပြုဘဲ ကြဉ်ဖယ်ထားချိန်မှာ တရုတ်နိုင်ငံက စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013