
မြန်မာ့ပြောင်းကို ဖေဖော်၀ါရီ ၁၈ ရက်က စတင်ကာ တရား၀င်တင်သွင်းခွင့်ပြုလိုက်တယ်လို့ တရုတ်နိုင်ငံ အကောက်ခွန်ဌာန (GACC) က ကြေညာပါတယ်။
အခုလို တရုတ်နိုင်ငံကို ပြောင်းတရား၀င် တင်သွင်းခွင့်ရရှိဖို့ မြန်မာနိုင်ငံဘက်က ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကတည်းက ကြိုးပမ်းဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကို ပြောင်း တရား၀င်တင်သွင်းမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင် ရာစံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့လိုအပ်ပြီး တရုတ်အကောက်ခွန်ဌာန(GACC)ရဲ့ လက်မှတ်ရရှိဖို့လိုအပ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာပြောင်းကို ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးထုတ်လုပ်တာဖြစ်လို့ တရုတ်နိုင်ငံကို တရား၀င် တင်ပို့မယ်ဆိုရင် သယ်ယူစရိတ်သက်သာစွာနဲ့ အချိန်တိုအတွင်း တင်ပို့နိုင်မှာဖြစ်လို့ တောင်သူပိုတွက် ခြေကိုက်နိုင်တယ်လို့ ပြောင်းကုန်သည်တစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံကို မြန်မာနိုင်ငံကထွက်တဲ့ တိရစ္ဆာန်အစာပြောင်းချဥ်ဖတ်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို တရား၀င် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြောင်းချဥ်ဖတ် တန်ချိန် ၅၁ တန်ကို တရုတ်−မြန်မာနယ်စပ် ချင်းရွှေဟော်ဂိတ်က တစ်ဆင့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာ့ပြောင်းကို ပြည်ပ၀ယ်လိုအားအင်မတန်ကောင်းနေပြီး၊ ဒေါ်လာငွေလဲနှုန်းစျေးမာ နေတာကြောင့် စျေးကောင်းရနေတယ်လို့ ဆိုနိုင်ပေမဲ့ နိုင်ငံတကာ ပြောင်းစျေးနဲ့ယှဥ်ရင် စျေးနည်းနေတယ်လို့ ပြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ အဓိကအများဆုံးတင်ပို့နေပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း တင်ပို့နေတယ်လို့ သိရပါတယ်။ အခုထပ်မံပြီး တရုတ်နိုင်ငံကို တရား၀င် တင်ပို့ခွင့် ရရှိလာပြီဖြစ်လို့ ပြောင်းစျေးဟာ ဆက်လက်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ပြောင်းစျေးကောင်းပေမဲ့ တစ်ဖက်မှာလည်း တောင်သူတွေရဲ့ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချတဲ့ ကွင်းဆက်တစ်လျှောက် ကုန်ကျစရိတ်တွေက မြင့်တက်နေပါတယ်။
ဒါ့အပြင် ပြောင်းတင်ပို့မှုအားကောင်းပြီး စျေးမြင့်လာတာနဲ့အမျှ ပြည်တွင်းမှာ တိရစ္ဆာန်အစာ စျေးမြင့်တက်လာပြီး ရေရှည်မှာ တိရစ္ဆာန် အစာစပ် လုပ်ငန်းတွေမှာ ပြောင်းကုန်ကြမ်းရရှိမှု လျော့နည်းလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။