Home
မြန်မာသတင်း
“သူတို့စခန်းနေရာကလွဲလို့ ကျနော်တို့မြို့နယ်ကို ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးထားနိုင်ခဲ့တယ်” - ဗိုလ်နဂါး
DVB
·
February 2, 2022

စစ်အာဏာသိမ်းပြီး တစ်နှစ်ကြာချိန်မှာ ပုလဲမြို့နယ်က တော်လှန်ရေးရဲဘော်တွေဟာ စစ်ကောင်စီ အခြေစိုက်စခန်းနေရာတွေကလွဲပြီး ကျန်တဲ့နေရာအားလုံးကို ပိုင်ပိုင်နိုင်နိုင်လွှမ်းမိုးထားနိုင်ပြီလို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ကာလအတွင်း PDF တွေဟာ လက်လုပ်လက်နက်အမျိုးအစား ၈ မျိုးအထိ တီထွင်စမ်းသပ်အောင်မြင်ထားတယ်လို့ ကနီမြို့နယ်၊ ကျောက်လုံးကြီးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီကတော့ ပုလဲမြို့နယ်ထဲမှာ PDF တွေကို တောနင်းရှာဖွေနေပြီး ဇန်နဝါရီ ၃၁ ရက်နေ့က မွေ့တုံရွာကို အကြမ်းဖက်မီးရှို့တာကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မနက်ပိုင်းမှာလည်း ပန်းရွာကို ထပ်မံမီးရှို့ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီ ၁၀ ရက်နေ့က ဦးနှောက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ထိုးစစ်ဆင်ခဲ့ပြီး PDF တွေကို ရှင်းလင်းဖို့ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်အထိ မအောင်မြင်နိုင်ဖြစ်နေတာပါ။

မွေ့တုံရွာနဲ့ ပန်ရွာကို မီးရှို့တာ PDF တွေလို့ စစ်ကောင်စီက သူတို့ပိုင်မီဒီယာတွေကနေ သတင်းထုတ်လွှင့်ထားပေမဲ့ သူတို့ပြောတဲ့စကားကို ဘယ်သူကမှ အယုံအကြည် မရှိတော့တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ ဗိုလ်နဂါးက တုံ့ပြန်ပါတယ်။ 

ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက “ဒီကောင်တွေက မိုက်ရုံတင်မကတော့ဘူး။ စိတ်တွေပါ ဖောက်ပြန်သွားပြီ။ ပြောရရင်တော့ ရူးနေပြီ။ ရူးနေတဲ့လူတစ်ယောက်က သူပြောတဲ့စကားကို ပတ်ဝန်းကျင်က အလေးထားလား မထားလားလည်း မသိတော့ဘူး။ သူ့စိတ်ထင်ရာမြင်ရာကို လျှောက်ပြောနေမှာ၊ ကနေမှာပဲ။ သူတို့ဘယ်လောက်ပဲ ဝါဒဖြန့်နေနေ ကမ္ဘာကလည်း မယုံဘူး။ ကျနော်တို့နိုင်ငံမှာ ထိုက်သင့်တဲ့ အတွေးအခေါ်ရှိတဲ့ လူအများစုကလည်း မယုံဘူး။ ကျနော့်မြို့နယ်မှာ ပျူစောထီးလည်း မရှိဘူး။ ဒလန်လည်း မရှိဘူး။ သူတို့စခန်းနေရာကလွဲလို့ ကျနော်တို့မြို့နယ်ကို ကျနော်တို့ ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးထားနိုင်ခဲ့တယ်။ ကျနော်တို့မြို့နယ်မှာ ပျူစောထီးတွေကို သင်တန်းပေးဖို့ ကြိုးစားတယ်။ ကျနော်တို့နဲ့တိုက်ပွဲဖြစ်တဲ့အခါ အဲဒီသင်တန်းပေးထားတဲ့သူတွေကို ရှေ့ကတိုက်ခိုင်းတယ်။ အဲဒီလူတွေက မတိုက်ရဲတဲ့အခါ သူတို့ကိုယ်တိုင် ပစ်သတ်တယ်။ အဲဒါကို ကျနော်တို့လည်း မြင်တယ်။ ပြည်သူတွေလည်း မြင်တယ်။ မွေ့တုံရွာကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ မီးရှို့တယ်။ အိမ်ခြေရာနဲ့ချီ ပျက်စီးတယ်။ ဒီနေ့မနက်ပိုင်းမှာ ပန်းရွာကို မီးရှို့ပြန်တယ်။ ကျနော်တို့မှာ ကိုယ့်ဒေသက ရွာတွေကို မီးရှို့စရာ ဘာအကြောင်းမှမရှိဘူး” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလအထိ အနောက်မြောက်တိုင်းစစ်ဒေသထဲမှာ အကြမ်းမဖက်တဲ့ သပိတ်တွေနဲ့ပဲ ဒီမိုကရေစီပြန်လည်ရရှိရေးကို  ပြည်သူတွေက တောင်းဆိုခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီက ဒေသခံတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူတွေက ရရာလက်နက်နဲ့ ခုခံကာကွယ်ခဲ့ရတာ ဖြစ်ပါတယ်။ 

အချိန်တစ်နှစ်ကြာချိန်မှာ တူမီး၊ တူမီးပြောင်းတွဲ၊ လက်လုပ်မိုင်း၊ ပခုံးထမ်း၊ မြေထောက်စိန်ပြောင်း၊ ၄၀-မမ ပုံစံတူတွေအပါအဝင် လက်နက် ၈ မျိုးအထိ တီထွင်စမ်းသပ်အောင်မြင်ထားတယ်လို့ ကနီမြို့နယ်၊ ကျောက်လုံးကြီးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက အင်အားသုံးအကြမ်းဖက်ချိန်မှာ ရဲဘော်တွေ အထိမနာအောင် လူမဲ့တိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေကိုလည်း အသုံးပြုနိုင်နေပြီလို့ ဆိုပါတယ်။

ကနီမြို့နယ်၊ ကျောက်လုံးကြီးအဖွဲ့တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီဘက်က လက်နက်ကြီးတွေ သုံးလာတဲ့အခါ ကျနော်တို့က တူမီးအကြီးတွေ လုပ်တယ်။ မြေထောက်စိန်ပြောင်းတွေ လုပ်တယ်။ သူတို့က လေယာဉ်တွေနဲ့ပါ ပစ်လာတဲ့အခြေအနေမျိုးရှိလာတဲ့အခါကျတော့ ကျနော်တို့က ရဲဘော်တွေ လုံခြုံရေးအတွက် လူမဲ့တိုက်ပွဲတွေ ဖော်ရတယ်။ လူမဲ့အတွဲလိုက် တူမီးပြောင်းတွဲကြီး တွေလုပ်ခဲ့ကြတယ်။ ပခုံးထမ်း RPG သဘောမျိုးတွေ လုပ်ခဲ့တယ်။ အခုကျတော့ ၄၀-မမ ကို အတုခိုးပြီးတော့ လက်လုပ်လက်နက်လုပ်ခဲ့ရာမှာလည်း အောင်မြင်နေပါပြီဗျ။ ပြီးခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီရေကြောင်းက တက်လာတဲ့အနေအထားမှာ မော်တော်ကို မီးလောင်အောင် စွမ်းဆောင်နိုင်ခဲ့တာလည်း အဲ့ဒီ ၄၀-မမ ကြောင့်ပါဗျ။ စုစုပေါင်းလက်နက် ၈ မျိုးလောက် စမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသထဲမှာ  ခြေလျင်တပ်သားတွေ အင်အားချတာ၊ ချင်းတွင်းမြစ်ရိုးတလျှောက် ရိက္ခာနဲ့ တပ်သားအင်အား ချတာတွေကို ဒေသခံ PDF တွေက ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဟာ အထိနာခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ လေကြောင်းကိုပါ အသုံးပြုပြီးတိုက်ခိုက်တာ၊ တပ်သားနေရာချတာ၊ ရိက္ခာပို့ဆောင်တာတွေ ပြုလုပ်ပြီး ဗျူဟာပြောင်းလဲခဲ့ပါတယ်။ အရပ်ဝတ် သင်္ကန်းဝတ်တွေနဲ့ PDF တွေကိုရှာဖွေတာ၊ ဘာသာရေး လူမျိုးရေး မှိုင်းတိုက်ဖို့ ကြိုးစားတာတွေကိုလည်း စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။

ဒေသခံပြည်သူတွေကတော့ နေအိမ်တွေပျက်စီးဆုံးရှုံးတာ၊ မိသားစုဝင်တွေ သေဆုံး ဒဏ်ရာရတာတွေကြောင့် စစ်အာဏာသိမ်းတာကို လုံးဝလက်မခံဘဲ အချိန်တစ်နှစ်ကြာတဲ့အထိ ပြန်လည်ခုခံနေကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024