
မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ် တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၆၂ ယောက်ထိရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ အေအေပီပီ က ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက် ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၀၁၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၃၆၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၇၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ စက်တင်ဘာ ၈ ရက်နေ့ ညအချိန်က စစ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ကိုသက်ကိုကိုအောင်ဟာ နောက်တရက် မနက်ပိုင်းမှာပဲ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုသက်ကိုကိုအောင်ကို ရပ်ကွက်ရုံးမှာ ထိန်းသိမ်းထားကာ တညလုံး ရိုက်နှက်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် ကျဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းက သမံသာကျေးရွာမှ ညီအစ်ကို ၂ ယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုယဉ်မိုးလွင်(ခေါ်)ဘဒင်နဲ့ အသက် ၁၇ နှစ်အရွယ် မောင်သက်ပိုင်စိုးတို့ကို စစ်သားတွေက ဖမ်းဆီးနှိပ်စက်ခဲ့ပြီးနောက် သေနတ်နဲ့ ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ မုံရွေးကျေးရွာကို အကြမ်းဖက်စစ် တပ်က စက်တင်ဘာ ၈ ရက်နေ့ ညအချိန်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာကြောင့် မုံရွေး ကျေးရွာသား ဦးမြင့်ဌေးဟာ ဆီးခုံကို ကျည်ထိမှန်ခဲ့ပြီး နောက်တရက်မနက်ပိုင်းမှာ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့ အသိပေးထားပါတယ်။