
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ တိုက်ခိုက် လူ့အခွင့်အရေးတွေ ဆိုးဆိုးရွားရွား ချိုးဖောက်နေတဲ့ အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တယ် လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် ပါမီလာပက်တန်က ကြေညာချက်ထုတ်ပြန်ပြောပါတယ်။
ထိန်းသိမ်းရေးစခန်းနေရာတွေမှာ လိင်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေက အရမ်းကိုစိတ်ပျက်စရာကောင်းကြောင်း၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို အဆုံးသတ်ဖို့ တောင်းဆိုလိုက်ကြောင်းနဲ့ စွပ်စွဲချက် အစီရင်ခံစာတွေကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေး အထူးကိုယ်စားလှယ် ပက်တန်က တောင်းဆိုပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့အကြား ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုများကိုဖြေရှင်းဖို့နဲ့ ကာကွယ်ဖို့ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်ပြီး ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေအတွက် ကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း၊ အပြစ်ပေးခြင်းနဲ့ လျော်ကြေးရအောင် စီစဉ်ပေးခြင်းတွေကို လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်မှ မှတ်တမ်းတင်ထားတဲ့အတိုင်း တပ်မတော်ဟာ တိုင်းရင်းသားတွေနဲ့ လူနည်းစုအုပ်စုဝင် အမျိုးသမီးတွေကို ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုပုံစံတွေနဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုနဲ့ ကျားမရေးရာ ကွဲပြားမှုတွေအပေါ် အခြေခံပြီး လူတဦးချင်းအပေါ် ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုပုံစံတွေက အလွန်အမင်းစိုးရိမ်စရာဖြစ်နေတယ်လို့ ဆိုပါတယ်။
တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေကို လက်နက်ကိုင် ပဋိပက္ခမှာ မုဒိမ်းမှု သို့မဟုတ် တခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံတွေကို ကျူးလွန်ခြင်း သို့မဟုတ် တာ၀န်ရှိတယ်လို့ သံသယရှိစရာ အဖွဲ့အစည်းအဖြစ် ၂၀၁၇ ခုနှစ်က လုံခြုံရေးကောင်စီမှာ သတ်မှတ်ခဲ့သလို ဒီကနေ့အထိ စာရင်းရှိထားဆဲဖြစ်ပါတယ်။
ဒါနဲ့ ဆက်စပ်မှုတစ်ခုအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ဆို့တာဟာ လိင်အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ အရေးကြီးတဲ့ခြေလှမ်း ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဆိုပါတယ်။