
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကနေ ထွက်ပြေးလာကြတဲ့ ထောင်နဲ့ချီတဲ့ပြည်သူတွေ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်ပြည်နယ်တွေထဲ ဝင်ပြေးကြတာများပြီး ဒေသတွင်းမှာ ဒီမိုကရေစီဘက်တော်သား တက်ကြွလှုပ်ရှားသူတွေအတွက် နေရာဖြစ်လာပြီး မတည်မငြိမ်ဖြစ်အောင် ဖန်တီးမှာကို အိန္ဒိယဒေသအာဏာပိုင်တွေက စိုးရိမ်နေပါတယ်။
မီဇိုရမ်၊ မဏိပူရနဲ့ နာဂလန်းပြည်နယ် ၃ ခုတို့မှာ မြန်မာနိုင်ငံမှ လူပေါင်း ၁၆,၀၀၀ လောက် လာရောက်ခိုလှုံနေကြတယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရအရာရှိတွေက ခန့်မှန်းထားပြီး လာမယ့်လတွေအတွင်း အရေအတွက် ထပ်တိုးလာမယ်လို့ မျှော်လင့်ထားပါတယ်။
မြန်မာနိုင်ငံကလူတွေ အများဆုံး ဝင်ရောက်ခိုလှုံနေတဲ့ မီဇိုရမ်ပြည်နယ်မှာ အာဏာပိုင်တွေဟာ Tiau မြစ်နဲ့ ပိုင်းခြားမှတ်သားထားတဲ့ ခြံစည်းရိုးမရှိ တောအုပ်ထူတဲ့ နယ်စပ်ကိုဖြတ်ကျော်ပြီး ဒုက္ခသည်တွေဆီ ချိတ်ဆက်ဝင်ရောက်လာတဲ့ မြန်မာတိုက်ခိုက်ရေးသမားတွေ အပါအဝင် ဒီမိုကရေစီဘက်တော်သားတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပြည်နယ်အစိုးရ အကြံပေးပုဂ္ဂိုလ်ကတော့ မီဇိုရမ်မှာ ဒုက္ခသည်တွေအတွက် ပြဿနာ မဖြစ်ရအောင် ဘာလေ့ကျင့်ရေးစခန်းမှ ဖွင့်ခွင့်မပြုဘူးလို့ ပြောပါတယ်။ အိန္ဒိယ-မြန်မာ နှစ် နိုင်ငံနယ်စပ်တလျှောက်မှာ မူးယစ်ဆေးဝါးကနေ အမြတ်အစွန်းရပြီး လှုပ်ရှားနေတဲ့ အိန္ဒိယ လက်နက်ကိုင်သောင်းကျန်းသူ အုပ်စု ၂ ဒါဇင်လောက်လည်း ရှိနေတာကြောင့် သူပုန်တွေနဲ့ သွားပေါင်းစည်းမိရင် နာဂလန်းနဲ့ မဏိပူရ် သောင်းကျန်းသူတွေကို အောက်စီဂျင်ပေးသလိုဖြစ်သွားမှာကို စိုးရိမ်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ နယ်စပ်တစ်လျှောက် ၀င်ရောက်လာမှုတွေနဲ့ တိုက်ပွဲတွေဟာ နှစ်ပေါင်း ၃၀ အတွင်း အိန္ဒိယအရှေ့မြောက်ဒေသမှာ လုံခြုံရေးအတင်းကျပ်ဆုံး အခြေအနေ ဖြစ်လာတယ်လို့ လန်ဒန် SOAS တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးတန်းကထိက Avinash Paliwal က ပြောကြားပါတယ်။
ဒီအချက်ဟာ အိန္ဒိယနဲ့ မြန်မာစစ်ကောင်စီရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်ပြီး ဒေါ်လာသန်း ၆၅၀ တန်ဖိုးရှိတဲ့ နယူးဒေလီရဲ့ ဆိပ်ကမ်းရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာရဲ့ အဝေးပြေးလမ်းမကြီးစီမံကိန်းတွေကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
ချိတ်ဆက်ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တခုလုံးအပြင် တရုတ်နဲ့ ဟန်ချက်ထိန်းညှိတာ၊ မူးယစ်ဆေးဝါးအမှုတွေနဲ့ သောင်းကျန်းသူ နှိမ်နင်းရေး မဟာဗျူဟာတွေလဲ ရှုပ်ထွေးကုန်ပြီး အရှေ့မြောက်ဘက်က ရွှေ့ပြောင်းဝင်ရောက်မှုအခြေအနေတွေက အနာဂတ်မှာ နိုင်ငံရေးဆန်ဆန် စစ်ရေးဆန်ဆန်တွေ ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ပြောပါတယ်။