DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို ဝိုင်းဝန်းစုပေါင်း အရေးယူရန် လုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးတွင် ကုလအထူးကိုယ်စားလှယ်တောင်းဆို
DVB
·
March 6, 2021
မြန်မာစစ်တပ်ကို ဝိုင်းဝန်းစုပေါင်း အရေးယူရန် လုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးတွင် ကုလအထူးကိုယ်စားလှယ်တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်အောင်နဲ့ ဒီမိုကရေစီပြန်လည် ထူထောင်နိုင်အောင် တညီတညွတ်တည်း စုပေါင်းအရေးယူဖို့   ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာဘာဂီနာက လုံခြုံရေးကောင်စီထံ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေလုပ်ခဲ့လို့  အနည်းဆုံး လူ ၅၀ ကျော် သေဆုံးအပြီးမှာ မတ်လ ၅ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေး ပွဲပြုလုပ်စဉ် တောင်းဆိုလိုက်တာပါ။

“လုံခြုံရေးကောင်စီအနေနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို ပြတ်ပြတ်သားသားနဲ့ တညီတညွတ်တည်းသတိပေးဖို့။ ပြီးတော့ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို  ရှင်းရှင်းလင်းလင်း ထောက်ခံပြီး မြန်မာပြည်သူတွေနဲ့အတူ အခိုင်အမာရပ်တည်ဖို့ အရမ်းကို အရေးကြီးပါတယ်” လို့ မစ္စဘာဂီနာက ပြောပါတယ်။ 

“စုပေါင်းအရေးယူတွေ ပြုလုပ်ဖို့  အရေးတကြီးလိုအပ်နေပါပြီ၊ မြန်မာစစ်တပ်ကို  အရေးယူခံရမှုကနေ ကင်းလွတ်ခွင့် ကျမတို့ ဘယ်လောက်ထိခွင့်ပြုနေရဦးမှာလဲ” လို့ မစ္စဘာဂီနာက မေးခွန်းထုတ်လိုက်ပြီး ကုလသမဂ္ဂအပေါ် ထားတဲ့မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်လာနေပြီလို့လည်း ပြောပါတယ်။

တရားမဝင် မြန်မာစစ်အစိုးရကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုဖို့နဲ့ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အပြည့်အဝအားပေး ထောက်ခံဖို့လည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အထူးစိုးရိမ်စရာ လူသားချင်းစာနာမှု အကျပ်အတည်းကပ်ဘေးဆိုက်နေပြီလို့လည်း ပြောပါတယ်။ 

အကာအကွယ်မဲ့နေတဲ့ မြန်မာပြည်သူတွေကို စုပေါင်းကာကွယ်ပေးဖို့၊  အတွင်းရေးမှူးချုပ်ရဲ့ ဦးဆောင်မှုကို ထောက်ခံအားပေးဖို့လည်း တောင်းဆိုလိုက်ပြီး သူ့အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်စွာ ဆက်လက်ကြိုးပမ်းသွားမယ်၊ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ကောင်စီရဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ တညီတညွတ်တည်းထောက်ခံအားပေးမှု တွေအပေါ်မူတည်နေတယ်လို့ လည်း မစ္စဘာဂီနာက ပြောပါတယ်။ 

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ဒ်ကတော့  မြန်မာပြည်ရဲ့အခြေအနေတွေကို အနီးကပ် ဆက်လက်စောင့်ကြည့်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားသွားမယ်လို့ ပြောပါတယ်။

လက်ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်  အမေရိကန်ပြည်ထောင်စုက တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးနဲ့ ပတ်သက်ပြီး ရလဒ်တစုံတရာထွက်လာတဲ့ သတင်းတွေတော့မရရှိသေးပါဘူး။ 

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခံနေရတဲ့ မြန်မာပြည်သူတွေအပေါ် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  Responsibility to Protect  R2P  အရ အကာကွယ်ပေးဖို့  ဒီအစည်းအဝေးမတိုင်ခင်မှာ CRPHက ခန့်အပ်ထားတဲ့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက လုံခြုံရေးကောင်စီထံ တောင်းဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်မှာ  လုံခြုံရေးကောင်စီအနေနဲ့  အွန်လိုင်းကနေ ဆွေးနွေးပွဲကျင်းပခဲ့ပေမဲ့ ရုရှားနဲ့ တရုတ်က ကန့်ကွက်ခဲ့လို့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးသဘောတူ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပါဘူး။ဖေဖော်ဝါရီ ၄ ရက်‌နေ့ကျမှ  လုံခြုံရေးကောင်စီအနေနဲ့ စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာတဲ့အပေါ်  စိုးရိမ်တဲ့အကြောင်းသာ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပြီး  စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်းမပါရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013