Home
မြန်မာသတင်း
၂၀၂၀ တနှစ်တာ ထူးခြားထင်ရှား မြန်မာပြည်သားများ 
DVB
·
December 30, 2020
ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း အခက်အခဲအကြပ်အတည်းတွေကြားက ဖြတ်သန်းခဲ့ရတဲ့ နှစ်တနှစ်ဖြစ်ခဲ့ရတဲ့ ၂၀၂၀ ပြည့်နှစ်ဟာ ကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့်နှစ်သစ်ကို ကြိုဆိုကြရတော့မှာ ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေနဲ့မတူ ထူးခြားတာကတော့ မြန်မာနိုင်ငံမှာ အခုနှစ်ဟာ ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲကျင်းပတဲ့နှစ်ဖြစ်သလို၊ ရန်ကုန်တက္ကသိုလ်ရာပြည့်၊ မြန်မာ့ရုပ်ရှင်ရာပြည့်စတဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်တဲ့ နှစ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် မဟာသင်္ကြန်ပွဲတော်ကာလကစ  ရာသီအလိုက်ပွဲတော်တွေအလယ် တနှစ်ပတ်လုံး ဘာအခမ်းအနားတွေကိုမှ လူစုလူဝေးနဲ့ ကျင်းပခွင့်မရခဲ့ဘဲ တနိုင်ငံလုံး ရောဂါကူးစက်ပျံ့ပွားမှုကို တိုက်ဖျက်နိုင်ဖို့ ကြိုးစားနေရဆဲ အခြေအနေ ဖြစ်ခဲ့တာပါ။ ဒီအခြေအနေအောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ အားကစားစတဲ့ ကဏ္ဍအသီးသီးမှာ ၂၀၂၀ တနှစ်တာအတွင်း ထူးခြားထင်ရှားသူ မြန်မာပြည်သား ၁၀ ဦးကို ဒီဗွီဘီက ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ အကောင်းအဆိုးဒွန်တွဲ နာမည်ကြီးတဲ့ ဝန်ကြီး ဦးရဲမင်းဦး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးဟာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်  သူ့ရဲ့ လှုပ်ရှားမှုတွေနဲ့အတူ လူသိများထင်ရှားခဲ့သူတဦး ဖြစ်ပါ တယ်။ အသက် ၄၅ နှစ်အရွယ် ဦးရဲမင်းဦးဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်ကစပြီး အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ရာက နောက်ပိုင်းမှာ ပါတီ ဗဟိုစီးပွားရေးကော်မတီမှာ အဖွဲ့ ဝင်ဖြစ်လာခဲ့တာပါ။ အဲဒီနောက် ၂၀၁၉ ခုနှစ်မှာ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌတာဝန်၊ တနှစ်တည်း မှာပဲ နေပြည်တော်ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ဇွန်လမှာတော့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။        ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ ဦးရဲမင်းဦးဟာ အန်အယ်လ်ဒီပါတီ ကိုယ် စားပြုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဂုံမြို့နယ်မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။  ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာမယ်လို့ လည်း ထင်ကြေးပေးခံရမှုတွေရှိနေသလို တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွှယ် ပတ်သက်မှုရှိတယ်ဆိုပြီး ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။ ကပ်ဘေးကာလ ကွက်လပ်ဖြည့်သူ(သို့)We Love Yangon ပရဟိတအဖွဲ့ We Love Yangon ပရဟိတအဖွဲ့ကို ပြီးခဲ့တဲ့ မတ်လကစတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ဦးဆောင်ဖွဲ့စည်း ထားတာဖြစ်ပြီး ရန်ကုန်မြို့ခံတွေ၊ ပရဟိတအဖွဲ့တွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ကာ ဒီအဖွဲ့က စေတနာရှင် အလှူရှင်တွေထည့်ဝင်လှူဒါန်းငွေတွေနဲ့ အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ လူနာအရေအတွက် ၈၀,၀၀၀ ကျော်လောက်ရှိခဲ့တဲ့ ရန်ကုန်မှာ  အဘက်ဘက်ကနေ ကျားကန်နိုင်ဖို့ အစိုးရ၊ ပြည်သူနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တတပ်တအား ပါ ဝင်မှုအနေနဲ့ We Love Yangon ကလည်း ပါဝင်ခဲ့တာပါ။ ပိုးတွေ့လူနာတွေ့ရှိမှု နောက်ဆက်တွဲအနေနဲ့ ကိုဗစ်-၁၉ ကပ်ကာလတွင်းမှာတော့ ရန်ကုန်မြို့တွင်း ရောဂါကူးစက်ပျံ့နှံ့မှု လျှော့ချနိုင်ဖို့ လူစုလူဝေးရှောင်ကြဉ်ကြဖို့ စားသောက်ကုန်တွေ အိမ်တိုင်ရာရောက် ရောင်းချပေးတာတွေ၊ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ၊ လှူဒါန်းမှုတွေကို လက်ရှိအချိန်ထိ လုပ်ဆောင်နေသလို ကိုဗစ်လူနာတွေအတွက် ဆေးရုံတစ်ရုံကိုလည်း ဦးဆောင် ဆောက်လုပ်နေပါတယ်။  တက်ကြွလှုပ်ရှားသူ ကရင်အမျိုးသမီး နော်အုန်းလှ ကရင်တိုင်းရင်းသူ အမျိုးသမီးတဦးဖြစ်တဲ့ နော်အုန်းလှကိုတော့ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတဦးအနေနဲ့ အားလုံးက သိကြမှာပါ။ အသက် ၅၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နော်အုန်းလှဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ စတင်ပါဝင်ပြီးနောက် နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့သူဖြစ်ပြီး  အန်အယ်လ်ဒီပါတီမှာ ဗဟိုအမျိုးသမီးအဆင့်ထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားမှာ အင်္ဂါနေ့တိုင်း ဆုတောင်းပွဲပြုလုပ်ခဲ့ရာမှာ ပါတီစည်းကမ်းနဲ့ မညီလို့ဆိုပြီး အန်အယ်လ်ဒီ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူဟာ နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ချိန်ကတည်းက အကြိမ်ကြိမ်ဖမ်း ဆီးခံရ၊ တရားစွဲခံရ၊  ထောင်အကြိမ်ကြိမ် ကျခံခဲ့ဖူးသူဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတော့ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့ ကရင့်အာဇာနည်နေ့ ပြုလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးတရားစွဲဆိုခံရပြီး ထောင်ဒဏ်  ၁၅ ရက် ချမှတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာတော့ နော်အုန်းလှဟာ ၁၉၉၀ အမတ်တွေနဲ့ တည်ထောင်ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) ကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်မရခဲ့ပါဘူး။ အခုလဆန်းပိုင်းမှာတော့ နော်အုန်းလှကို ဆွီဒင်အခြေစိုက် နိုင်ငံသားအခွင့်အရေး များအတွက် ကာကွယ်လှုပ်ရှားသူများ Civil Rights Defenders အဖွဲ့က ၂၀၂၀ ပြည့်နှစ်အ တွက် နိုင်ငံသား အခွင့်အရေးများကာကွယ်လှုပ်ရှားသူဆု ” Civil Rights Defender of the Year Award ”    ပေးအပ်ချီးမြှင့်ခံခဲ့ရပါတယ်။ နော်အုန်းလှဟာ သူ့ရဲ့ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးဖြတ်သန်းမှုကာလမှာ မြန်မာနိုင်ငံအတွင်း အဓိကရုဏ်းတွေ၊ တိုင်းရင်းသားနဲ့ လူမျိုးရေးခွဲခြားတာတွေ ကျယ်ကျယ်ပျံ့ပျံ့ရှိနေတဲ့အထဲက တရားမျှတမှု ပေါ်ပေါက်ဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလာဖို့ လှုပ်ရှားရုန်းကန်ကြိုးစားခဲ့တာတွေကို အသိအမှတ်ပြုတာကြောင့် ဆုချီးမြှင့်တာလို့ Civil Rights Defenders အဖွဲ့က ထုတ်ပြန်ပါတယ်။ မန္တလေးကို စမတ်စီးတီးဖြစ်လာစေဖို့ ပျိုးထောင်သူ မြို့တော်ဝန် ဒေါက်တာရဲလွင် မြို့ခံတွေကြားထဲသာမက တခြားအရပ်ဒေသတွေထိတိုင် ကောင်းသတင်းနဲ့ ကျော်စောတဲ့ ဒေါက်တာရဲလွင်ကိုတော့ မန္တလေးမြို့တော်ဝန်အနေနဲ့ အားလုံးက လေးစားချစ်ခင်ကြပါတယ်။ မန္တလေးမြို့ဇာတိ ဒေါက်တာရဲလွင်ဟာ အသက် ၆၈ နှစ်အရွယ် ရှိနေပြီဖြစ်ကာ မန္တလေးမြို့၊ အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းအောင် မြင်ခဲ့ပြီး ဆေးတက္ကသိုလ်(မန္တလေး)မှာ တက်ရောက်ပညာသင်ကြားခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပြီး မျက်စိအထူးကု မဟာဘွဲ့တန်းကိုတော့ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်မှာ ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိသင်ကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲအပြီး ​ ဒေါက်တာဇော်မြင့်မောင် မန္တ​လေးတိုင်း ဝန်ကြီးချုပ်ဖြစ်လာပြီး​နောက် ​ဒေါက်တာရဲလွင်ကို မြို့​တော်ဝန်အဖြစ် ထမ်း​ဆောင်ရန် ကမ်းလှမ်းခြင်းခံခဲ့ရတာပါ။ ဒါပေမဲ့ ၃ ကြိမ်တိုင်ငြင်းဆိုခဲ့ပြီးနောက်မှ လက်ခံခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာတော့ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊​ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊​ မန္တလေးမြို့တော်ဝန် အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်စဉ်အတွင်း မန္တလေးမြို့ကို သိသိသာသာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ စမတ်စီးတီး ဖြစ်လာနိုင်ဖွယ်ရှိတဲ့ မြို့ ၁၀ မြို့စာရင်းမှာ မန္တလေးမြို့က ပါဝင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဒေါက်တာ ရဲလွင်အနေနဲ့ အန်အယ်လ်ဒီ အစိုးရရဲ့ လာမယ့် အစိုးရသက်တမ်းသစ်မှာ မြို့တော်ဝန်အဖြစ် ဆက်လက်လုပ်ကိုင်တော့မှာ မဟုတ်ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်ပေါ်ကတဆင့် အသိပေးထားခဲ့ပါတယ်။ ရန်ကုန်ဂိုဏ်းစတားအကြောင်း ရေးသားသူ ခက်ဇော် တခေတ်တခါက ထင်ရှားခဲ့တဲ့ ရန်ကုန်မြို့က လူမိုက်တွေအကြောင်း ပုံဖော်ရေး သားထားတဲ့ The Guys of Rangoon စာအုပ်ကတော့ မထွက်ခင်ကတည်းက စံချိန်တင် စာအုပ်အမှာတွေနဲ့အတူ တနှစ်ပတ်လုံးကို သိမ်းပတ်ထားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီစာအုပ်ကိုတော့ သရော်စာတွေ ရေးသားရာကနေ နာမည်ကြီးလာတဲ့ ဗြိတိသျှ ကိုကိုမောင်ခေါ် စာရေးဆရာ ခက်ဇော်က ရေးသားထားခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ် အပိုင်းလိုက်တင်ခဲ့ပြီး မျှဝေခဲ့ရာကနေ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၃၀ ပြည့်လွန်ကာလတဝိုက် ရန်ကုန်မြို့မှာ ထင်ရှားခဲ့တဲ့ လမ်းမတော် ဖိုးတုတ်ကို ဇာတ်အိမ်ပြုပြီး အဲဒီခေတ်ကာလက လူမိုက်တွေအကြောင်း ပုံဖော်ထားတဲ့ ဒီစာအုပ်ကိုတော့ ငါတို့စာပေကနေ ဖြန့်ချိထုတ်ဝေထားတာပါ။ အဲဒီလို စီစဉ်ခဲ့ချိန်မှာပဲ ဒီစာအုပ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးဖို့ လူငယ် ဒါရိုက်တာ ဏကြီးက ဝယ်ယူလိုက်တာဖြစ်ပြီး စာအုပ်အမှာစာတွေဟာလည်း အုပ်ရေ ၁၀၀၀၀ ကျော်ထိ စံချိန်တင် ရရှိခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ နောက်ထပ်စာအုပ်တအုပ်ဖြစ်တဲ့ The Guys from Mandalay 1950s စာအုပ် ထွက်ရှိထားခဲ့ပါတယ်။        ဒီစာအုပ်မှာတော့ မန္တလေးကျုံးကိုလည်းချစ်သလို နန်းမြို့ရိုးကိုလည်း တန်ဖိုးထား တဲ့ အဓိကဇာတ်ကောင် စိန်ဓားမြှောင်(သို့)မောင်ကလေးရဲ့ ဘဝအကြောင်းတွေအပြင် အဲဒီ့အချိန်ကာလတွေတုန်းက အခြေအနေတွေကိုပါ ကွဲကွဲပြားပြား ထင်ထင်လင်းလင်း မြင်သာအောင် ရေးဖွဲ့ထားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အပြင်သွားပါ ကိုရိုနာနဲ့ တနှစ်တာ သိမ်းပိုက်နိုင်ခဲ့သူ ဖြိုးပြည့်စုံ အလွမ်းအဆွေး သီချင်းတွေနဲ့ နာမည်ကြီးတဲ့ အဆိုတော် ဖြိုးပြည့်စုံကတော့ ၂၀၂၀ ပြည့်နှစ် တနှစ်တာအတွင်းမှာ မိစန္ဒီနဲ့ တွဲဘက်သီဆိုထားခဲ့တဲ့ “Go Away Corona”-“ကမ္ဘာ့အပြင်သွားပါ ကိုရိုနာ” သီချင်းနဲ့အတူ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ သူဟာ မြန်မာပြည်ရဲ့ အောင်မြင်တဲ့ အဆိုတော်တွေ မွေးထုတ်ပေးရာ သီချင်းဆို ပြိုင်ပွဲတခုဖြစ်တဲ့ The Best Of Melody World သီချင်းဆိုပြိုင်ပွဲစင်မြင့်ကနေ ဂီတလော ကထဲ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ ရွက်ပုန်းသီး ဂီတအနုပညာရှင်တွေကို ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ ပြီး ထက်နေကြည်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း၊ ဂျူဝယ်လ် စတဲ့ နာမည်ကြီး တေးသံရှင်တွေ အများအပြား ထွက်ရှိလာခဲ့ပါတယ်။ ဖြိုးပြည့်စုံကတော့ ၂၀၁၀ ပြည့်နှစ် The Best Of Melody World ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး တစ,တစ ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အွန်လိုင်းပေါ်ကနေတဆင့် သိမ်းထားတဲ့ အချစ်၊ လရိပ်၊ မျှော်နိုင်သမျှ စတဲ့ သီချင်းလေးတွေကို မျှဝေရင်း ပရိသတ်ကြား ရေပန်းစားခဲ့ပြီး တကိုယ်တော် သီချင်းအယ်လ်ဘမ်ကိုတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်နဲ့တင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖြိုးပြည့်စုံဟာ အတွဲသီချင်း အယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုခဲ့ပြီး ရေပန်းစား ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ ကိုရိုနာ COVID- 19 ကပ်ရောဂါ ကာကွယ်တားဆီးရေး  ပညာပေးသီချင်းနဲ့အတူ တောရောမြို့ပါမကျန် ရေပန်းစားသီချင်းတပုဒ် ဖြစ်ခဲ့တာပါ။ ဒီသီချင်းကိုတော့ တေးရေး Dr.ဖြိုးဝေလင်း(OnDoctor)က ရေးစပ်ပေးထားခဲ့ပြီး ရက်ပ်စာသားတွေကိုတော့ မိစန္ဒီက ရေးစပ်ခဲ့တာဖြစ်ကာ ရောဂါကာကွယ်ရေး နည်းလမ်း တွေကို ပြည်သူလူထုကြား ပိုမိုပျံ့နှံ့ရောက်ရှိစေဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ မီရုပ်ရှင်နဲ့ မြန်မာ့ရုပ်ရှင်ကို တမူထူးခြား ဆန်းသစ်ဖန်တီးခဲ့သူ ဏကြီး လူငယ်ဒါရိုက်တာ ဏကြီးလို့ ပြောလိုက်တာနဲ့ မီရုပ်ရှင်ကားနဲ့ ပရိသတ်တွေက တွဲပြီး မှတ်မိကြမှာ ဖြစ်ပါတယ်။ “မီ”ရုပ်ရှင်ကားကတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူး ထားတာဖြစ်ပြီး Victoria Film Production က တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ နားလည်ရခက်တဲ့ မီ ဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောကျ်ားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့စိတ် တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသားတယောက်အကြောင်းကို တင်ပြထားခဲ့တာပါ။ ဒီကားထဲမှာတော့ အဲဒီခေတ်ကလို အပြင်အဆင်တွေ၊ အထူးပြုလုပ်မှုတွေနဲ့ ရုပ်ရှင်အဖြစ် ပုံပေါ်လာအောင် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီ နေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ “မီ” ရုပ်ရှင်ကားဟာ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ပေမယ့် အာဆီယံ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်နဲ့ ထူးချွန်ဆု (Asean International Film Festival & Awards–AIFFA) ဆန်ခါတင်စာရင်းမှာ အကောင်းဆုံးဇာတ်ကားဆု၊ ဓာတ်ပုံဆုနဲ့ အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆုတွေအတွက် ဆု ၃ ဆုနဲ့ ဆန်ခါတင်စာရင်း ပါဝင်ခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာခင်ကလည်း မီရုပ်ရှင်ဟာ ယူကေနိုင်ငံ၊ ဝေးလ်စ်မှာ ကျင်းပမယ့် Cardiff International Film Festival နဲ့ စပိန်နိုင်ငံ၊ Lleida မြို့မှာ ကျင်းပမယ့် Lleida Visual Art ရုပ်ရှင်ပွဲတော် ၂ ခုမှာ Official Selection အနေနဲ့ ပြသဖို့ ရွေးချယ်ခံခဲ့ရပါသေးတယ်။ အခုလဆန်းပိုင်းကတော့ ဒေသတွင်း ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ လွမ်ပရာဗန် ရုပ်ရှင်ပွဲတော်-Luang Prabang Film Festival မှာ ပြသဖို့ ဒါရိုက်တာ ထူးပိုင် ဇော်ဦးရိုက်ကူးတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်၊ ရုပ်ရှင်ဇာတ်လမ်းတိုကဏ္ဍမှာတော့ ဒါရိုက်တာ ညီဇော်ထွေးရဲ့ “အိပ်တန်းပြန်ငှက်”နဲ့ ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းရဲ့ “လူနာ”ရုပ်ရှင် တွေနဲ့အတူ မီရုပ် ရှင်ကလည်း ရွေးချယ်ခံခဲ့ရပါတယ်။ တကျော့ပြန် ကြော်ငြာဘုရင်မ ထက်ထက်မိုးဦး ၂၀၂၀ ပြည့်နှစ်ဟာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် အားလုံးက မိမိတို့ရဲ့ နေအိမ်တွေထဲမှာ သာ နေထိုင်ကြရချိန်တွေ ပိုမိုများပြားခဲ့တဲ့ နှစ်တနှစ်ပါပဲ။ ဒီလိုအချိန်မှာ ပြောင်းလဲမှုတခုအနေနဲ့ ဖြစ်လာခဲ့တာကတော့ အွန်လိုင်းပေါ်ကတဆင့် လိုက်ဖ်လွှင့်ကြော်ငြာရောင်းချရတဲ့ ပုံစံတွေဖြစ်လာခဲ့ကာ တခေတ်တခါက မင်းသမီး တလက်ဖြစ်တဲ့ ထက်ထက်မိုးဦးက နေရာပြန်ယူနိုင်ခဲ့တာကို တွေ့ရပါတယ်။ လက်ဝတ်ရတနာတွေကို တိုက်ရိုက်လိုက်ဖ်လွှင့်ရောင်းချရာမှာ ပရိသတ်တွေရဲ့ ချစ် ခင်အားပေးမှုနဲ့ ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးဟာ စံချိန်တင်ရောင်းချနိုင်ခဲ့ပြီး အားလုံးကို ဆွဲဆောင်သိမ်းပိုက်ထားနိုင်ခဲ့ပြန်ပါတယ်။ မိုးကုတ်မြို့ဇာတိ သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦးဟာ တချိန်က မြန်မာနိုင်ငံရဲ့ ကြော်ငြာသရုပ်ဆောင်လောကမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ မင်းသမီး တလက်ဖြစ်ပြီး လက်ဦးဆရာကတော့ ကြော်ငြာလောကမှာ ထင်ရှားတဲ့ ကွယ်လွန်ခဲ့ပြီ ဖြစ်တဲ့ ဒါရိုက်တာ ကိုစန်းအောင်(ကွယ်လွန်) ဖြစ်ပါတယ်။ ကြော်ငြာတွေအပြင် သရုပ်ဆောင်အနုပညာဘက်မှာလည်း ထူးချွန်တဲ့ ထက်ထက်မိုးဦးဟာ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကို ၁၉၉၆ ခုနှစ်က ပန်းသခင် ၊ ၂၀၀၁ ခုနှစ်က သမီးမိုက် ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ထူးချွန်ဆုတွေ ရရှိခဲ့ပါတယ်။ အစိမ်းရောင်နိုဘယ်ဆုရှင် ပေါလ်စိန်ထွား သံလွင်ငြိမ်းချမ်းရေးဥယျာဉ် တည်ထောင်သူတွေထဲက နာယကတဦးဖြစ်တဲ့ ပေါလ် စိန်ထွားဟာ ၂၀၂၀ ပြည့်နှစ်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုတဆုဖြစ်တဲ့ Goldman ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Goldman Environmental Foundation က ၁၉၉၀ ပြည့်နှစ်က စတင်ကာ နှစ်စဉ် ချီးရွေးချယ်ချီးမြှင့်တဲ့ ဒီဆုကိုတော့ အစိမ်းရောင်နိုဘယ်ဆုလို့ တင်စားခေါ်ဝေါ်ကြပြီး နိုင်ငံတကာမှာ ထင်ရှားတဲ့ ဆုတဆု လည်း ဖြစ်ပါတယ်။ ဒီဆုကိုတော့ အာဖရိက၊ အာရှ၊ ဥရောပ၊ ကျွန်းတွေနဲ့ ကျွန်းနိုင်ငံများ၊ မြောက်အ မေရိက၊ တောင်နဲ့ အလယ်ပိုင်းအမေရိကစတဲ့ ဒေသ ၆ ခုမှာ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ သဘာဝသယံဇာတ ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ အရပ်ဘက် လူထုအကျိုးဆောင်ရေး၊ ပတ်ဝန်းကျင်သာယာရေး၊ မြေယာစီမံခန့်ခွဲရေး၊ လူ့အခွင့်အရေး စတဲ့ ကိစ္စရပ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသူတွေကို ဆုရွေးချယ်ချီးမြှင့် တာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွက် ဘဟားမားစ်၊ ဂါနာ၊ အီကွေဒေါ၊ မက္ကဆီကို၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံက ပေါလ်စိန်ထွား အပါအဝင် ပုဂ္ဂိုလ် ၆ ယောက်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ အသက် ၄၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပေါလ်စိန်ထွားဟာ ထိုင်း-မြန်မာ နယ်စပ်တ လျှောက်မှာ ကြီးပြင်းလာပြီး သူ့ရဲ့ဘဝကို စစ်ပွဲပဋိပက္ခနယ်မြေတွေမှာ လှည့်လည်သွား လာရင်း ကိုယ်ရောစိတ်ပါ ကရင်လူမျိုးတွေအတွက် ဘိုးဘေးဘီဘင်နယ်မြေနဲ့ ထုံးတမ်း စဉ်လာတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ နှစ်မြှုပ်ထားသူတယောက် ဖြစ်ပါ တယ်။ ၂၀၀၁ ခုနှစ်မှာတော့ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှု ကွန်ရက်(KESAN)ကို သဘာဝပတ်ဝန်းကျင်နဲ့ ကရင်လူမျိုးစုအသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှု ကို ကာကွယ်နိုင်ဖို့ တွဲဖက်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ သုံးသပ်ဖော်ပြချက်ထဲမှာတော့ သဘာဝပတ်ဝန်းကျင်နဲ့ ကရင့်ထုံးတမ်းဓလေ့ယဉ်ကျေးမှုနှစ်ရပ်လုံးကို ထိန်းသိမ်းကာကွယ်ဖို့ ကြိုးပမ်းရာမှာ ပေါလ်စိန်ထွားဟာ သူ့လူမျိုးတွေကို ဦးဆောင်ကာ ၁ ဒသမ ၃၅ သန်း ဧက အကျယ်အဝန်းရှိတဲ့ သံလွင် ငြိမ်းချမ်းရေးဥယျာဉ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာ တည်ထောင်နိုင်ခဲ့ကြောင်း၊ အဆိုပါ ဥယျာဉ်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ တမူထူးခြားပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ လူထုအခြေပြုချည်းကပ်မှု နည်းလမ်းတခု ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ သံလွင်မြစ်ဝှမ်းဟာ သက်ရှိအမျိုးမျိုး ပူးတွဲတည်ရှိတဲ့ အဓိကကျတဲ့ နယ်မြေဒေသ ဖြစ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှင်သန်တက်ကြွလာစေဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းလာတဲ့ ဒေသခံဌာနေ တိုင်းရင်းသား ကရင်လူမျိုးတွေရဲ့ ရှင်သန်ရာ ဇာတိလည်းဖြစ်ကာ ဒီဥယျာဉ်အသစ်က မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့အတွက် အဓိကကျတဲ့ အောင်မြင်မှုတရပ်ကို ကိုယ်စားပြုကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ၃၁ ကြိမ်မြောက်ရှိလာပြီဖြစ်တဲ့ Goldman ဆုကို မြန်မာနိုင်ငံသားတွေထဲက ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ဆွတ်ခူးရရှိသူ ၂ ယောက်ရှိခဲ့ပြီး ဖြစ်တာမို့ ပေါလ်စိန်ထွားက တတိယမြောက် ဆုရရှိသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာကို အရေးယူ ပိတ်ဆို့ထားမှုတွေလုပ်ဆောင်နေချိန်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကောင်အထည်ဖော်တဲ့ ရေနံနဲ့ သတ္တုတွင်းလုပ်ငန်းတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကရင်အမျိုးသား စောကဆာဝါက ၁၉၉၉ ခုနှစ်မှာ Goldman ဆုရရှိခဲ့တဲ့ ပထမဆုံး မြန်မာနိုင်ငံသား ဖြစ်လာခဲ့တာပါ။ အဲဒီနောက် မြန်မာနိုင်ငံသားတွေထဲက ဒုတိယမြောက် Goldman ဆုကိုတော့ ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့သွားအောင် စည်းရုံးလှုံ့ဆော်ကြိုးပမ်းရာမှာ ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ဦးမြင့်ဇော်ကို ၂၀၁၅ ခုနှစ်အတွက် ဆုရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ မြန်မာ့အားကစားရွှေခေတ်ကို ဘိလိယက်နှင့် စွမ်းဆောင်ပေးခဲ့သူ ဘုန်းမြင့်ကျော်(ခ)အားတီ တောင်ကြီးမြို့ဇာတိ ကိုဘုန်းမြင့်ကျော်(ခ)အားတီဟာ ဘိလိယက်အားကစားနဲ့အတူ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတယောက် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဆီးဂိမ်းအားကစားပြိုင်ပွဲ Men’s 9-Ball Pool Singles မှာ ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့ကာ ကမ္ဘာ့အဆင့်ထိ လူသိများထင်ရှားတဲ့ မြန်မာ ဘိလိယက် ကစားသမားတယောက်ပါ။ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ အသင်းလိုက်ကစားရတဲ့ အားကစားနည်းတွေအားလုံးလိုလို ရပ်နားထားခဲ့ရပေမဲ့ အားတီကတော့ မရပ်မနား နိုင်ငံတကာ ပွဲတွေမှာ ဆက်လက်ပါဝင်ယှဉ်ပြိုင် နေခဲ့ရပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကျင်း ပတဲ့ Joy Master ပြိုင်ပွဲမှာတော့ ၃၂ ဦးအဆင့်ကနေ ထွက်ခဲ့ရတယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်ကစားသမား ၂၄၀ ပါဝင်ယှဉ်ပြိုင်တဲ့  Joy Master ပြိုင်ပွဲမှာ ကိုဘုန်းမြင့် ကျော်က ၉၆ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ သူဟာ အောက်တိုဘာ ၁၉ ရက်မှာ ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ၃၂ ဦးအဆင့် အထိ တက်ရောက်နိုင်ခဲ့ပေမဲ့ တရုတ်အမျိုးသမီးကစားသမားကို အရေးနိမ့်လို့  ပြိုင်ပွဲက နေ ထွက်ခဲ့ရတာပါ။ ဒီပြိုင်ပွဲဟာ တရုတ်နိုင်ငံရဲ့ဒုတိယအဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင် ကစားသမား အရေအတွက်များတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024