Home
မြန်မာသတင်း
ရခိုင်အရေး ပိုမိုဆိုးရွားအောင် တွန်းပို့နေသည့် ပြည်တွင်း/ပြည်ပ အသိုက်အဝန်းရှိနေဟု အတိုင်ပင်ခံပုဂ္ဂိုလ် ပြော
DVB
·
October 20, 2020
121492494_2095899070544298_4749794227244724578_o
ရခိုင်ပြည်နယ်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပိုမိုဆိုးရွားတဲ့ အခြေအနေတွေအထိ ရောက်အောင် တွန်းပို့နေကြတဲ့ ပြည်တွင်း/ပြည်ပ အသိုက်အဝန်းတွေရှိနေတဲ့အတွက်  သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီရဲ့ (၃)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်မနက်က   နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမမှာ အွန်လိုင်းစနစ်နဲ့ ကျင်းပရာမှာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  အဖွင့်မိန့်ခွန်းပြောကြားသွားတာပါ။ “ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် ကျွန်မတို့ရဲ့ ဆောင်ရွက်မှုတွေအပေါ် အပြုသဘော ကြည့်မြင်ပြီး ဝိုင်းဝန်းကူညီကြတာတွေရှိသလို လိုအပ်ချက်တွေ အားနည်းချက်တွေပဲ ထောက်ပြဝေဖန်ပြီး ပိုမိုဆိုးရွား တဲ့ အခြေအနေတွေအထိ ရောက်အောင် တွန်းပို့နေကြတဲ့ ပြည်တွင်း/ပြည်ပ အသိုက်အဝန်းတွေလည်း ရှိနေတာ ဖြစ်တဲ့အတွက် သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့ လိုတယ်ဆိုတာကိုလည်း သတိပေးလိုပါတယ်။ ကျွန်မတို့ အနေနဲ့ကတော့ ရခိုင်ပြည်နယ် အပါအဝင် ကျွန်မတို့ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ရာမှာ “မည်သူမျှ မကျန်ရစ်စေရ”ဆိုတဲ့မူကို လက်ကိုင်ပြုလို့ ဆောင်ရွက်နေတယ်ဆိုတာ ထပ်လောင်းအသိပေး ပြောကြားလိုပါတယ်။” အခုအချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု ဆောက်တည်ရေးလုပ်ငန်းတွေ အထူးလိုအပ်နေတယ်၊ ရခိုင်ပြည်နယ်မှာ ကာလအဆက်ဆက် ဖြစ်တည်နေခဲ့တဲ့ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့တာတွေ၊ ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေဟာ စိန်ခေါ်မှုတွေအနေနဲ့ ရှိနေပြီး ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရအဖွဲ့ အနေနဲ့ စတင်တာဝန်ယူချိန်ကတည်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်၊ ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေးတွေကို ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ရခိုင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ တိုးမြှင့်ပေါ်ပေါက်လာခဲ့တယ်။ ဒါ့အပြင် အခု ကမ္ဘာနဲ့တစ်ဝန်း ကြုံတွေ့နေရတဲ့ ကိုဗဏ်-၁၉ ကူးစက်ရောဂါရဲ့ ဒုတိယလှိုင်းလို့ သတ်မှတ်ရမယ့် တိုက်ခိုက်မှုဒဏ်ကိုလည်း ရခိုင်ပြည်နယ် အပါအဝင်  အားလုံးကြုံတွေ့နေရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “ဒီအခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားနိုင် ဖို့ဆိုရင် အရေးအကြီးဆုံးက ကျွန်မတို့ ပြည်သူတွေ စည်းကမ်းတကျ လိုက်နာဆောင်ရွက်မှုပဲဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာစကားပုံမှာ “လက်သည်းဆိတ်ရင် လက်ထိပ်နာတယ်” ဆိုတာရှိပါတယ်။ ရခိုင်ပြည်နယ်မှာ မှ မဟုတ်ပါဘူး၊ နိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် ပဋိပက္ခဖြစ်ပွားမှုတွေ၊ ရောဂါကျရောက်မှုတွေ ခံစားရတယ်၊ တွေ့ကြုံရတယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံး ရဲ့ဒုက္ခ၊ မြန်မာတစ်နိုင်ငံလုံးရဲ့ အခက်အခဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာတစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ (၈)လပိုင်းတုန်းက ရခိုင်ပြည်နယ်ရဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းမှာ ကျွန်မ ပြောခဲ့ဖူးပါတယ်။ “ရခိုင်အတွက် ပြည်ထောင်စု၊ ပြည်ထောင်စုအတွက် ရခိုင်” ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆောင်ရွက်ကြ၊ ကြည့်တတ်ကြဖို့ပါပဲ။ ဒါမှ လည်း ကျွန်မတို့နိုင်ငံ အဓွန့်ရှည်တည်တံ့ပြီး ကျွန်မတို့ အားလုံးမျှော်မှန်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ကျွန်မတို့ ထူထောင်နိုင်ပြီး အနာဂတ် မျိုးဆက်သစ်တွေကို မှန်ကန်ကောင်းမွန်တဲ့ အမွေအဖြစ် လက်ဆင့်ကမ်းပေးနိုင်ခဲ့မှာပဲ ဖြစ်ပါတယ်။”လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်ထောင်စုသားသမီးတွေ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် နောင်လာ နောက်သားတွေအတွက် အင်မတန်မှ တန်ဖိုး ဖြတ်လို့မရတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ အမွေအနှစ် ဖြစ်လာပြီး အဲဒီအမွေအနှစ်ကို ထားခဲ့နိုင်မယ်လို့လည်းဆိုပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ ပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့၊ ဆောင်ရွက်ပေးနေကြတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ရှိ သူတွေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တာဝန်ရှိ သူတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ UEHRD ကော်မတီ ဝင်တွေ၊ မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ စေတနာရှင် ပြည်သူတွေ၊  အာဆီယံနိုင်ငံတွေ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ကူညီထောက်ပံ့မှုတွေကို ကျေးဇူးတင် အသိအမှတ်ပြုပါတယ်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကနေ စတင်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် တစ်ဖက် နိုင်ငံကို ထွက်ခွာသွားခဲ့ကြတဲ့သူတွေကို စနစ်တကျ ပြန်လည်လက်ခံဖို့၊ ပြည်တွင်းမှာ ကျန်ရှိနေတဲ့သူတွေ အတွက် နေရာချထားဖို့နဲ့ ပြန်လည်ထူထောင်နိုင်ဖို့၊ ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီးတော့ ရေရှည်ပဋိပက္ခတွေ ကင်းဝေးပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်စေဖို့ ရည်ရွယ်ပြီး UEHRD ကို  ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုဝန်ကြီးတွေ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတွေ၊ UEHRD ကော်မတီ အဖွဲ့ဝင်တွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ UEHRD ရဲ့ Task Force အဖွဲ့ဝင်တွေ၊ နိုင်ငံတကာ သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့၊ NGOs၊ INGOs တွေက တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။ ဓာတ်ပုံ- State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024