DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ရောက် ရွှေ့ပြောင်းလုပ်သားများ  ဆန္ဒမဲပေးနိုင်ရေး  ရှမ်းအဖွဲ့က ကူညီဆောင်ရွက်ပေးနေ
DVB
·
July 27, 2020
ချင်းမိုင်ရောက် ရွှေ့ပြောင်းလုပ်သားများ  ဆန္ဒမဲပေးနိုင်ရေး  ရှမ်းအဖွဲ့က ကူညီဆောင်ရွက်ပေးနေ
1 / 3
Donate to DVB

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ ဩဂုတ် ၅ ရက်နေ့ နောက်ဆုံးထားပြီး ပုံစံ ၁၅ လျှောက်လွှာတွေလာ တင်ထားကြဖို့ အသိပေး ကြေညာထားပါတယ်။ 

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာဆိုရင်လည်း မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ သိန်းနဲ့ချီဝင်ရောက်လုပ်ကိုင်နေပြီးတိုင်းရင်းသားအလုပ်သမားတွေဟာ ရွေးကောက်ပွဲဝင်လို ပေမယ့် ဖောင်မဖြည့်တတ် ၊ သံရုံးတွေနဲ့ မဆက်သွယ်တတ်တာကြောင့် အခက်အခဲဖြစ်နေပါတယ်။ 

ဒီအခက်အခဲတွေကို  ကူညီဖြေရှင်းတဲ့အနေနဲ့ ချင်းမိုင်ရှမ်းအဖွဲ့က ချင်းမိုင်မြို့  ဝပ်ပါပေါက် ဘုန်းကြီးကျောင်းမှာ  ပုံစံ ၁၅ လျှောက်လွှာကူညီရေးပေးနေပါတယ်။

မနေ့က ပုံစံ ၁၅ လာတင်တဲ့ အလုပ်သမားတွေ ၃၀၀ ကျော်ရှိပေမယ့်လည်း သူတို့မှာ စာရွက်စာတမ်းမပြည့်စုံလို့ လျှောက်လွှာပေါင်း တစ်ဝက်ကျော်ဘဲ ဖြည့်ပေးရတယ်လို့  ပုံစံ ၁၅ ကူဖြည့်ရေးစည်းရုံးဆောင်ရွက်သူ စိုင်းဟတ်ခေးက ဒီဗွီဘီကို ပြောပါတယ်။ 

“တချို့ဆို လမ်းပွန်းခရိုင်လို ဟိုးအဝေးကြီးကနေတောင် အလုပ်ကခွင့်ယူပြီး တကူးတကလာကြရှာတယ်။ မနေ့က အယောက် ၃၀၀ကျော်လာ တာ ပုံစံ ၁၅ ထဲဘောင်မဝင်တဲ့လူ တဝက်ကျော်ရှိတယ်။ ပတ်စပို့သက်တမ်းကုန်တာ၊ စီအိုင်စာ အုပ်ရှိပြီး မြန်မာမှတ်ပုံတင်မရှိတာ ၊ တချို့က အိမ်ထောင်စုဇယားမရှိ မှတ်ပုံတင်မရှိ ပတ်စပို့ ဘဲရှိ တာတွေ ၊ ထိုင်း ကထုတ်ပေးတဲ့ နိုင်ငံမဲ့ကတ်တွေနဲ့ လာတဲ့သူတွေလည်း ရှိသေးတယ်။” 

ထိုင်းမြောက်ပိုင်းကို ရောက်လာတဲ့ မြန်မာနို်ငငံက ရွှေ့ပြောင်းအလုပ်သမားတွေက အများစုဟု တိုင်းရင်းသားတွေဖြစ်လို့ မဲပေးခွင့် လျှောက်ထားရာမှာ ဘာသာစကား အခက်အခဲရှိနေတယ်လို့လည်း သိရပါတယ်။

စိုင်းဟတ်ခေးက “ဒီထိုင်းမြောက်ပိုင်းကို ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက အများအားဖြင့် တိုင်း ရင်းသားတွေဆိုတော့ မြန်မာစာရေးဖို့အခက်အခဲရှိကြတယ်။ ဒီရောက်တော့  သူတို့ အထောက်အထား မပြည့်စုံတာတွေလည်း ထပ်တွေ့ရတယ်ခင်ဗျ။ သူတို့က မြန်မာနိုင်ငံသား မှန်တယ်။ မြန်မာ အစိုးရက လာလုပ်ပေးတဲ့ စီအိုင် (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ်) ရှိတယ်။ ဒါပေမယ့် မှတ်ပုံတင်မရှိဘူး။ တချို့က မှတ်ပုံတင်ရှိတယ်။ စီအိုင်စာအုပ်ထဲက နာမည်နဲ့ မှတ်ပုံတင်အိမ်ထောင်စုဇယား နာမည်မတူပြန်ဘူး။  ဥပမာ တိုင်းရင်းသားနာမည်ရှေ့က  လုံး / ပါ ဆိုတာ မြန်မာလို ဦး / ဒေါ်ကိုပြောတာ၊  သူတို့က ကိုယ့်နာမည်ကို လုံးခမ်း/ ပါခမ်း လို့ပြောရင် ရုံးက ဦးလုံးခမ်း / ဒေါ်ပါခမ်းလို့ ဖော်ပြတဲ့ခါ ပတ်စ်ပို့မှာ အင်္ဂလိပ်လိုပြန်ရေးရင် လူတယောက်တည်းကနေ နာမည် ၂ မျိုးဖြစ်သွားတာမျိုးပေါ့။  မြန်မာမှတ်ပုံတင်ထဲမှာ မွေးနေ့ကို ကောဇာသက္ကရာဇ်နဲ့ရေးပြီး ပတ်စ်ပို့ထဲမှာ ခရစ်နှစ်နဲ့ပြန်ပြောင်းတော့ အမှားအယွင်းတွေရှိတယ်။ အဲဒါမတူရင်လည်း ဆန္ဒမဲ ပေးပိုင်ခွင့် ဆုံးရှုံးမှာကို စိုးရိမ်စရာဖြစ်ပါတယ်ခင်ဗျ။”လို့ ပြောပါတယ်။

ဒါကြောင့် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေကနေ ပေးပို့တဲ့ ပုံစံ ၁၅ မှာ အားနည်းချက်တွေ တွေ့ရှိနိုင်ကြောင်း ၊ ဒါပေမဲ့ သူတို့ဟာလည်း မိမိနိုင်ငံသားတွေဖြစ်လို့ ပတ်စ်ပို့မရှိပေမဲ့ မြန်မာပြည်က အိမ်ထောင်စုဇယားနဲ့  မှတ်ပုံတင်ထဲက အချက်လက်ပေါ်မှာ မှန်ကန်မှုအပေါ်မူတည်စိစစ်ပြီး မဲပေးခွင့်ပြုဖို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တွေကို အလုပ်သမားတို့ကိုယ်စား မေတ္တာရပ်ခံ တောင်းဆိုချင်တယ်လို့ စိုင်းဟတ်ခေးက ဆက်ပြောပါတယ်။ 

ချင်းမိုင်မြို့  ဝပ်ပါပေါက်ဘုန်းကြီးကျောင်းကနေ ပုံစံ ၁၅ ကူဖြည့်ပေးခြင်းကို ဇူလိုင် ၂၆ ရက်မှာ ဆောင်ရွက်ပေးခဲ့ပြီး လာမယ့် အပတ် စနေနေ့ နဲ့ တနင်္ဂနွေ (ဩဂုတ်လ ၁ နဲ့ ၂ ရက်) နေ့တွေမှာလည်း မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ဆောင်ရွက်ပေးဖို့ရှိပါတယ်။

 ရှမ်းပြည်နယ်ရှိ မည်သည့်တိုင်းရင်းသားလူမျိုးမဆို ပအိုဝ်း၊ ပလောင်၊ လားဟူ၊ ရှမ်း စသဖြင့် မခွဲခြားဘဲ လူတိုင်းကို ဆောင်ရွက်ပေးနေကြောင်း၊  အဆိုပါလျှောက်လွှာတွေ အားလုံးကို စုစည်းပြီး   ရှေ့ အပတ် ဩဂုတ်လ ၅ ရက်နေ့ အမီ ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးကို ပို့ပေးသွားမယ်လို့  ဆို ပါတယ်။ 

အလားတူ ဘန်ကောက်၊ မဟာချိုင်၊ ထိုင်းတောင်ပိုင်း၊ မဲဆောက် စတဲ့ဒေသတွေမှာလည်း မိမိနိုင်ငံသားတွေကြိုတင်မဲပေးခွင့်ရရှိဖို့ လူမှုအသိုင်းအဝိုင်းတွေအချင်းချင်း  အလုပ်သမားဆိုက်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း ပုံစံ ၁၅ ကူညီဖြည့်ပေးနေကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013