Homeမြန်မာသတင်း
အင်တာနက်ဖြတ်ထားသည့် ရခိုင်နှင့်ချင်းတွင် ဖုန်းမက်ဆေ့ဂျ်ဖြင့် ကိုဗစ်-၁၉ ပညာပေးနေဟု အစိုးရပြော
အင်တာနက်ဖြတ်ထားသည့် ရခိုင်နှင့်ချင်းတွင် ဖုန်းမက်ဆေ့ဂျ်ဖြင့် ကိုဗစ်-၁၉ ပညာပေးနေဟု အစိုးရပြော
ပိုင်စိုး
·
July 8, 2020

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ အင်တာနက် ဖြတ်တောက်ထားပေမယ့် ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ သတင်းအချက်တွေကို ဖုန်းကနေ စာတိုပေးပို့ပြီး အသိပညာပေး နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အင်တာနက် ပိတ်ထားတာဟာ ထိခိုက်ခံစားနေရတဲ့ နေရာတွေမှာ နေထိုင်ပြီး ကိုဗစ်-၁၉ ကို ရင်ဆိုင်နေရသူတွေအတွက် အသက်အန္တရာယ်ရှိနိုင်တာကြောင့် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောတာ တချို့ရှိတယ်ဆိုပြီး ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
ဒီလို အင်တာနက်ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမဏီ၊ အီတလီ၊ နော်ဝေ စတဲ့ နိုင်ငံတွေကလည်း ကြေညာချက်ထုတ်ပြန်ထားခဲ့ကြသလို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်ကလည်း တောင်းဆိုထားခဲ့တာပါ။
အင်တာနက်ယာယီဖြတ်တောက်တာဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ မြန်မာအစိုးရရဲ့ “မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူဝါဒနဲ့ ကြိုးပမ်းတာတွေကို အဟန့်အတား မဖြစ်စေဖို့ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးနေပြီး ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလို့ ဘေးဒဏ်သင့်ဒေသတွေမှာ နေထိုင်သူတွေ၊ ပဋိပက္ခ ဖြစ်ပွားရာဒေသတွေက အသိုက်အဝန်းတွေ အားလုံးဆီကို ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ အသိပညာပေးတာနဲ့ ဆက်စပ်ပစ္စည်တွေ ပံ့ပိုးပေးနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက စပြီး အင်တာနက် ယာယီဖြတ်တောက် ထားတဲ့ ဒေသတွေ အပါအဝင် နိုင်ငံတဝန်းမှာ စာသားသတင်းတိုပေးပို့မှု (SMS) အခမဲ့ ဝန်ဆောင်မှုတွေကတဆင့် COVID-19 နဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေ အစိုးရက ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။
ပြီးတော့ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ အနီးဝန်းကျင်က ပြည်တွင်းနေရပ်စွန့်ခွာသူ စခန်းအားလုံးမှာ အင်တာနက်ဝန်ဆောင်တာကို မဖြတ်တောက်ထားဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ကလည်း အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်တာတွေကို ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနေ တယ်လို့ ဆိုပါတယ်။
အေအေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုပြင်းထန်လာတာကြောင့် အစိုးရအနေနဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပဋိပက္ခ ဖြစ်ပွားရာ ရခိုင်ပြည်နယ်က ၈ မြို့နယ်နဲ့ ချင်းပြည်နယ်က ၁ မြို့နယ်ကို အင်တာနက်ဝန်ဆောင်မှုတွေ ယာယီဖြတ်တောက်ထားဖို့ ၂၀၁၉ ဇွန် ၂၀ မှာ ညွှန်ကြားချက်တွေထုတ်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဒါဟာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ နဲ့အညီ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ညွှန်ကြားချက်ဟာ လည်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ်တို့အတွက်ပဲ အကျုံးဝင်သလို မိုဘိုင်းဖုန်းအသုံးပြုတာနဲ့ စာသားသတင်းတိုတွေ ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။
မိုဘိုင်းအင်တာနက် နည်းပညာတွေကို တလွဲအသုံးချပြီး အေအေက လက်လုပ်မိုင်းနဲ့ အဝေးထိန်း မြေမြှုပ်မိုင်းတွေ ဖောက်ခွဲတာ၊ တိုင်းရင်းသားလူမျိုးတွေအကြား အမုန်းတရားတွေ လှုံ့ဆော်တာ စတာတွေကို လုပ်နေလို့ ကာကွယ်တားဆီးနိုင်ဖို့ အင်တာနက်ဖြတ်တောက်တာ လို့လည်း ဆိုပါတယ်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှာ ပဋိပက္ခအခြေအနေတွေ တိုးတက်ကောင်းမွန်လာတာကို တွေ့လာရလို့ ရသေ့တောင်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ်တို့မှာ အင်တာနက် ပြန်ဖွင့်ပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီမှာတော့ ပြန်ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မောင်တောမြို့နယ်မှာတော့ ၂၀၂၀ ပြည့်နှစ်၊ မေလကစပြီး အင်တာနက် ဝန်ဆောင်မှုတွေ ပြန်ရနေပြီလို့လည်း ဆိုပါတယ်။