ကယားပြည်နယ်က မြေယာသိမ်းခံတောင်သူအရေး ဖြေရှင်းပေးနေဟု ဝန်ကြီးပြော
နော်နိုရင်း
·
February 12, 2020

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာနဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်သူတွေရဲ့ သိမ်းဆည်းခံလယ်မြေတွေအရေး ဖြေရှင်းပေးနိုင်ရေး စိစစ်ဆောင်ရွက်နေပြီလို့ ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဘော့စ်ကို ကပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ရဲ့ ၁၆ ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ရဲ့ လယ်ယာမြေသိမ်းဆည်းခံရမှုနဲ့ ပတ်သက်တဲ့မေးခွန်းကို ဖြေကြားခဲ့တာပါ။
လွိုင်ကော်မြို့နယ်၊ မြေနီကုန်းကျေးရွာနေ တောင်သူတွေရဲ့ လယ်ယာမြေတွေကို စစ်မြေပြင်အင်ဂျင်နီယာတပ်က မတရား သိမ်းဆည်းထားတာနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားပြီး ပြည်နယ်အစိုးရက မည်သို့ ဆောင်ရွက်ထားလဲဆိုတာကို ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ပါတယ်။
ဒီမေးမြန်းချက်နဲ့ပတ်သက်ပြီး ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဘော့စ်ကိုက “စစ်မြေပြင် အင်ဂျင်နီယာတပ်ခွဲ ဘီအီးတပ်အနေဖြင့် မတရားသိမ်းဆည်းမှုနှင့် စပ်လျဉ်းပြီး ပြည်နယ် အစိုးရထံတင်ပြချက်နဲ့ ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့မှ သိမ်းဆည်းမြေမူဝါဒ ၅၂ ချက်နှင့်အညီ စိစစ်၍ ပြန်လည်စွန့်လွှတ်ပေးနိုင်ရေး ၄ ကြိမ်တိုင်တိုင် ဗဟိုမြေစစ်ကော်မတီသို့ တင်ပြတောင်းဆိုပြီးဖြစ်ပါတယ်။”လို့ ဖြေကြားခဲ့တာပါ။
ဘီအီးတပ်မြေနဲ့ပတ်သက်လို့ မြေပြင်မှာ မစွန့်လွှတ်နိုင်တဲ့အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ သတ်မှတ်နှုန်းထားအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနက လျှော်ကြေးပေးချေနိုင်ရေး ပေါင်းစပ်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်လို့ နစ်နာတဲ့ တောင်သူတွေ လျော်ကြေးရရှိမယ့်အချိန်ကို အကြောင်းကြားလာပါက သက်ဆိုင်ရာတောင်သူများသို့ လျော်ကြေးပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အလားအတူ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကျေးရွာအုပ်စု ဒေါဆိုရှေ့ကျေးရွာ တောင်သူတွေရဲ့ လယ်ယာမြေနဲ့ သိမ်းဆည်းခံရပြီး ပုဒ်မအမျိုးမျိုးနဲ့ တောင်သူတွေ တရားစွဲဆိုခံနေရပါတယ်။
ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က“ ဒေါဆိုရှေ့ကျေးရွာကို ၁၉၉၀ ခုနှစ်က နယ်မြေလုံခြုံရေးကိုအကြောင်းပြပြီး ကျေးရွာတွေကို အတင်းအဓမ္မရွှေ့ပြောင်းခြင်းကိုခံခဲ့ရပါတယ်။ အဲဒီကျေးရွာရွှေ့ပြောင်းခံပြီးတော့ ၁၉၉၆ ခုနှစ်မှာ အမြောက်တပ် ၃၆၀ လာရောက်တည်ဆောက်ပြီး ဒေါ့ဆိုရှေ့ကျေးရွာ တောင်ယာမြေ စုစုပေါင်း ဧက ၆၀၀ ဧကကို သိမ်းဆည်းခံရပါတယ်။ အဲလို သိမ်းဆည်းခံရတဲ့အခါမှာ ပြည်သူများရဲ့ သဘောဆန္ဒရယူခြင်းမရှိဘဲ တပ်မတော်က အတင်းရယူခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ မြေယာသိမ်းဆည်းမှုကြောင့် ရွှေ့ပြောင်းခံရတဲ့ ကျေးရွာတောင်သူ လယ်သမားများဟာ မိမိတို့ကျေးရွာဟောင်းများ တောင်ယာမြေများအဖြစ် စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ကြသည်မှာ ယနေ့အထိပင်ဖြစ်ပါသည်။ မိမိတို့ကျေးရွာ မြေနေရာသို့ တောင်ယာ ပြန်လည်လုပ်ကိုင်ခြင်းအပေါ် အမြောက်တပ် ၃၆၀ က တောင်သူများဟာ ပုဒ်မ အမျိုးမျိုးတပ်ကာ တရားစွဲဆိုခြင်းခံနေရပါတယ်။”လို့ လွှတ်တော်မှာ မေးမြန်းသွားပါတယ်။
ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကိုကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်မှာလည်း ပြည်သူတွေရဲ့တင်ပြချက်အရ ဖြေရှင်းဆောင်ရွက်ပေးဖို့ ဗဟိုများအဖွဲ့ဖွဲ့ပြီး စီမံဖြေရှင်းပေးနိုင်ရေး စိစစ်ဆောင်ရွက်နေပြီဖြစ်တယ်၊ စိစစ်ပြီးပါက ရလဒ်အပေါ်မူတည်ပြီး ပြည်သူတွေကို အသိပေးရှင်းလင်းသွားမှာဖြစ်သလို ပြည်နယ်လွှတ်ကိုလည်း ပြန်ကြားပေးမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေအတွင်း မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူ ၄၁ ဦးရှိပြီး အဲဒီထဲက ၁၂ ဦးမှာတော့ ထောင်တွင်း ဖမ်းဆီးတရားစွဲဆိုခံနေရ ပါတယ်။