အင်တာနက် ထပ်မံဖြတ်တောက်မှုကြောင့် ရခိုင်လူထု ထိခိုက်နစ်နာနေ
ဝဏ္ဏခွာညို
·
February 7, 2020

ရခိုင်ပြည်နယ်အတွင်း အင်တာနက် ထပ်မံဖြတ်တောက်လိုက်တဲ့အတွက် လူမှုစီးပွားဘဝတွေ ဆုံးရှုံးနစ်နာနေရတယ်လို့ ရခိုင်နိုင်ငံရေးပါတီ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၄ မြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း ဖေဖော်ဝါရီ ၃ ရက်က စတင် အင်တာနက် အသုံးပြုခွင့် စတင်ဖြတ်တောက်ထားလိုက်တာဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ နိုင်ငံရေးမူဝါဒဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က “အင်တာနက်မရှိဘူးဆိုရင် ဘဏ်လုပ်ငန်းက အစပေါ့လေ၊ စီးပွားရေး၊ လူမှုရေး တယောက်နဲ့ တယောက် ဆက်သွယ်မှုကိစ္စအဝဝအတွက် အင်တာနက်မရှိလို့ရှိရင် လူမှုပတ်ဝန်းကျင်အတွက် အလွန်တရာမှ ထိခိုက်နစ်နာမှုဖြစ်တယ်။ ဒီအင်တာနက်ကိုပိတ်လိုက်ခြင်းအားဖြင့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ ပြည်သူလူထုကို မျက်စိပိတ်၊ နားပိတ်အားလုံးကို အမှောင်ဖုံးအောင် ပိတ်ချလိုက်ရာ ရောက်တယ်လို့မြင်တယ်”လို့ပြောပါတယ်။
ရခိုင်ပြည်နယ်က ပြည်သူလူထုဟာ ခွဲခြားဆက်ဆံခံရသလို မြင်တဲ့အကြောင်းနဲ့ တခြားပြည်နယ်နဲ့တိုင်းတွေလိုပဲ ရခိုင်ပြည်နယ်ကိုလည်း ပြည်သူလူထုရဲ့အကျိုးအတွက် အင်တာနက်လိုင်းတွေကို အမြန်ဆုံး ပြန်ဖွင့်ဖို့ မေတ္တာရပ်ခံတယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကတော့ “အကျိုးဆက်တွေကတော့ စီးပွားရေး လုပ်တဲ့နေရာတွေမှာ အခက်အခဲရှိတယ်။ နောက်တခုက နေရာတခုမှာ ပြဿနာဖြစ်နေပြီဆိုရင် ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ သိသင့်သိထိုက်တာတွေကိုသိဖို့အတွက် အင်တာနက်ဆိုတာ အရေးကြီးတယ်။ အင်တာနက်ရှိတဲ့အတွက်အချိန်နဲ့တပြေးညီ သိခွင့်ရှိတယ်။ အခုလိုပိ တ်လိုက်တဲ့အခါမှာ အဲ့ဒီဒေသမှာဘယ်လိုဖြစ်တယ်ဆိုတာကို သိခွင့်မရှိတော့ဘူး။ စီးပွားရေးအရလည်း မကောင်း၊ နိုင်ငံရေးအရလည်း မကောင်းဘူး။ လူမှုရေးအရလည်း မကောင်းဘူး။ ခြုံပြောရရင် အဲ့လိုပိတ်လိုက်တဲ့ အတွက်စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အကုန်လုံးနစ်နာမှု ရှိတယ်။ ”လို့ ပြောပါတယ်။
အလားတူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း “ ကျနော်တို့ဘက်က နစ်နာတာတွေကတော့ မြေပြင်ပကတိအခြေအနေကို မသိနိုင်တော့ဘူးပေါ့။ သတင်းမှောင်အချခံရတယ်။ သတင်းအမှောင်ချခံရတဲ့အခါမှာ ဒီလိုလုပ်ကြံတဲ့သတင်းတွေပို ပြီးတော့ များလာတတ်ပါတယ်။ ပိုပြီးတော့လည်း မုန်းတီးမှုတရားတွေ သတင်းတင်လို့ရတဲ့ နေရာတွေက မြေပြင်ရဲ့အခြေအနေရဲ့ ကွဲလွဲပြီးတော့ အမှန်တရားကို ထိမ်ချန်ပြီးတော့ သတင်းမှားတွေလွှင့်ထုတ်ဖို့ ပိုပြီးတော့ အခွင့်အလမ်းရစေတယ်။”လို့ ပြောပါတယ်။
အင်တာနက်ပိတ်ပင်ထားမယ်ဆိုရင် မြေပြင်ရဲ့ပကတိ အခြေအနေကိုမသိတဲ့အတွက် အကုန်လုံးအတွက်ဆုံးရှုံးမှုဖြစ်စေမယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ကတော့ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ အကြောင်း ပြောပါတယ်။
“ဟိုအရင်တုန်းက တခေါက်လည်း ကျနော်တို့ကြုံခဲ့ပြီးပြီ။ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာဖြစ်စဉ်မှာလူအခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ရှိခဲ့တယ်။ ဒါတွေက ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ တက်လာတာတွေရှိတယ်။ အဲ့ဒီနောက်ပိုင်းမှာ အင်တာနက် ဖြတ်တောက်တာတွေ လုပ်တယ်ပေါ့နော်။ အခုတခါတော့ အင်တာနက်ဖြတ်ပြီးနောက်ပိုင်းမှာပဲ၊ လေကြောင်းတိုက်မှုတွေ လုပ်တယ်။ အဲ့ဒီနေ့ မတိုင်ခင်မှာ ရေတပ်က ပစ်ခတ်လိုက်တဲ့ ကျောင်းဆရာမတယောက်ဆိုရင် ဒဏ်ရာပြင်းထန်ထန်ရရှိတဲ့အခါကျတော့ ဒီလိုဖြစ်စဉ်မျိုးတွေကို အင်တာနက်ရှိလို့သာ ကူညီထောက်ပံ့ပေးလို့ ရတာပေါ့လေ။ အဲ့ဒီဆရာမဆိုရင်လည်း အတတ်နိုင်ဆုံးကြိုးစားပြီး ကယ်ထုတ်ပြီးမှ စစ်တွေဆေးရုံအထိကိုသယ်ခဲ့ရတာပေါ့။ တကယ်လို့သာ အင်တာနက်မရှိလို့ဆိုရင် ဒါနဲ့ပတ်သက်ပြီး အသေးစိတ် မသိရှိနိုင်တော့ဘူး။”
ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ အရင်ကတည်းက အင်တာနက်အသုံးပြုခွင့်ကိုပိတ်ထားခဲ့ပြီး လတ်တလော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံမြို့နယ်တွေအပါ အဝင်ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကိုပါ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်လိုက်တာဖြစ်ပါတယ်။