သတင်းသမားများ စာနယ်ဇင်းကျင့်ဝတ် လေးစားလိုက်နာရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
May 3, 2019

သတင်းစာဆရာတွေအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြဿနာတွေ ဖြေရှင်းဆောင်ရွက်တဲ့ နည်းတူ သတင်းသမားတွေ စာနယ်ဇင်းကျင့်ဝတ် လေးစားလိုက်နာရေး ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ မေလ ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day) အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထားတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “စာနယ်ဇင်းကျင့်ဝတ်တွေနဲ့ အညီ ထုတ်ဖော်ပြောဆို ရေးသားနေကြတဲ့ စာနယ်ဇင်းသမားတွေ ဘေးကင်းလုံခြုံရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်း ကာကွယ်ကြရမှာဖြစ်သလို စာနယ်ဇင်းကျင့်ဝတ်တွေကို ချိုးဖျက်တာတွေ မရှိစေဖို့လည်း ဝိုင်းဝန်းပြုပြင် တည့်မတ်ပေးကြရမှာဖြစ်တယ်။ ပြည်သူအများ အသိအမြင်လွဲမှားကာ ပဋိပက္ခတွေ ဖြစ်ပေါ်စေတဲ့ သတင်းအမှားတွေ ထုတ်လွှင့်တာနဲ့ သတင်းအတုအယောင်တွေ ဖန်တီးတာကို ဟန့်တားကာကွယ်ဖို့ လိုအပ်သကဲ့သို့ ပြည်သူတွေ အလွယ်တကူ လှည့်ဖြားတာ မခံရစေဖို့အတွက်လည်း မီဒီယာဆိုင်ရာ သိနားလည်မှုနဲ့ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုတွေ တိုးမြင့်အောင် ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုတယ်” လို့ သဝဏ်လွှာမှာ ပြောပါတယ်။
စာနယ်ဇင်းသမားတွေအနေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တရားသေ အစွဲအလမ်းတွေ၊ တဖက်စောင်းနင်း အတွေးအခေါ်တွေ လျော့ပါးကာ ကြောင်းကျိုးသင့်မြတ် စဉ်းစားတတ်တဲ့ အလေ့အထတွေ ထွန်းကားဖို့၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ အားလုံး တန်းတူညီမျှ ပါဝင်ခွင့်ရတဲ့ လူမှုအသိုင်းအဝိုင်းတွေ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းပါတယ်။
ဒါ့အပြင် ခုအချိန်ဟာ ကမ္ဘာတဝန်းမှာ သတင်းမှားတွေ၊ သတင်းအတုအယောင်တွေ၊ ကောလာဟလတွေ၊ အမုန်းစကားတွေ၊ ပဋိပက္ခကို လှုံ့ဆော်တဲ့ ရေးသားချက်တွေဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်း အသီးသီးရဲ့ တည်ငြိမ်မှုနဲ့ အေးချမ်းသာယာမှုကို ခြိမ်းခြောက်နှောင့်ယှက်နေတယ်၊ အထူးသဖြင့် မြန်မာပြည်လို ဒီမိုကရေစီစနစ်ကို ကူးပြောင်းစ နိုင်ငံတွေအနေနဲ့ ပေါ်ထွန်းစ လွတ်လပ်ခွင့်တွေကို အလွဲသုံးစား ပြုလုပ်တာကြောင့် ပေါ်ပေါက်လာမယ့် ပဋိပက္ခတွေ၊ မငြိမ်းချမ်းမှုနဲ့ မတည်ငြိမ်မှုတွေ ကြီးထွားမလာစေဖို့ အထူးသတိထား ဆောင်ရွက်နေရတဲ့အချိန် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် စာနယ်ဇင်းလွတ်လပ်ခွင့် အပါအဝင် နိုင်ငံရေးအခွင့်အရေးများစွာ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ပြီး ယနေ့ကာလကဲ့သို့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုနိုင်တဲ့ အခြေအနေမျိုး ရောက်ရှိအောင် ရင်းနှီးပေးဆပ်မှုများစွာဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရတယ်၊ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်မှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ သတင်းစာဆရာကြီးတွေကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ ချီးကျူးမှတ်တမ်းတင်ပါတယ်လို့လည်း ပြောသွားပါတယ်။
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ ပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာ ကျင့်သုံးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၃ ခုနှစ်ကစပြီး နှစ်စဉ် မေလ ၃ ရက်နေ့ရောက်တိုင်း ကျင်းပလေ့ရှိရာ အခုနှစ်မှာ ၂၆ ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။