DVB Logo
Home
Lead Story
အရပ်ဘက် စစ်ဘက် ဆက်ဆံရေး - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
May 16, 2018
အရပ်ဘက် စစ်ဘက် ဆက်ဆံရေး - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB



၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက ဒီဘက်ကိုတော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးလို့ ပြောကြပါတယ်။ မကြာခင်ရက်ပိုင်းတုန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ ဦးဆောင်မှုအောက်ကနေပဲ လှုပ်ရှားနေပါတယ်ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ တကယ်ရော အခြေခံဥပဒေအရ အဲဒီအတိုင်းပဲ ပေးထားလား၊ တကယ်ရော အဲဒီအတိုင်း လုပ်နေလား ဆိုတဲ့ လူအများရဲ့ စိတ်ဝင်စားမှု ရှိနေပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်းနဲ့ Myanmar Quarterly အယ်ဒီတာ ဦးနေထွန်းနိုင်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ခုရက်ပိုင်းအတွင်းမှာ အဲဒီလို ပြောဆိုမှုရှိတယ်။ တပ်မတော်အကြီးအကဲ တယောက်ကတော့ နိုင်ငံတော်သမ္မတရဲ့ ဦးဆောင်မှုအောက်မှာပဲ လုပ်တယ်၊ သမ္မတကလည်း အသစ်ဖြစ်နေတာ မကြာသေးဘူး။ လူအများရဲ့ အာရုံစိုက်မှု မြင့်တက်နေတယ်။ တကယ်ရော ဥပဒေအရ အဲဒီလို ရှိလား၊ လက်တွေ့အရရော အဲဒီလို ရှိလား။ ဆရာ စပြီး ဆွေးနွေးပေးပါဦး။”

ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

“ဖွဲ့စည်းပုံအရ ပြောမယ်ဆိုရင်တော့ တပ်မတော်က သီးခြားပေါ့။ အရပ်ဘက်က ထိန်းချုပ်နိုင်တဲ့အောက်မှာ မရှိဘူး။ ဒါကြောင့်မို့ အဲဒီထောင့်ကနေ ပြောရမယ်ဆိုရင်တော့ ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတအောက်မှာ မရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအရက တပ်မတော်ရဲ့ အရေးကိစ္စတွေမှာ ဝင်မပါဖို့ ကန့်ထားပြီးတော့ ကျန်တဲ့ကိစ္စတွေမှာတော့ သမ္မတရဲ့အောက်မှာ ထားတယ်။ အဲဒီထောင့်ကနေ ပြောမယ်ဆိုရင် လုပ်ငန်းပိုင်းအနေနဲ့ ပြောရမယ်ဆိုရင် သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အရပ်ဘက်က လုပ်ပိုင်ခွင့်လို့ ခွဲထားတဲ့အောက်မှာ ဆိုရင်တော့ အဲဒီလုပ်ငန်းခွင်ထဲ ဝင်သွားပြီဆိုရင်တော့ တပ်မတော်ဟာ သမ္မတရဲ့အောက်မှာ ရှိတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့်မို့လို့ ယေဘုယျအားဖြင့် ပြောရရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတဲ့စကားဟာ မဟုတ်လည်း မဟုတ်ဘူး၊ ဟုတ်လည်း ဟုတ်တယ်လို့ ပြောရမယ်။ တပ်မတော်ရဲ့ အရေးကိစ္စတွေ၊ ဥပမာ ဘတ်ဂျက်လိုမျိုး၊ နေရာရွှေ့ပြောင်းတာမျိုး၊ ကာကွယ်ရေးဦးစီးချုပ်ကို ခန့်ထားတဲ့ ကိစ္စမျိုးပေါ့။ ဒါပေမယ့် အရပ်ဘက်ကိုရောက်လည်း အစိုးရအဖွဲ့အောက်မှာရှိတဲ့ သုံးဖွဲ့ကတော့ လုပ်ငန်းပိုင်းအနေနဲ့ဆိုရင် သူတို့က သမ္မတကို တိုက်ရိုက်အစီရင်ခံတယ်။ သမ္မတရဲ့ ဦးဆောင်မှုအောက်မှာ ရှိတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“သမ္မတက ကက်ဘိနက်ကို ဦးဆောင်တော့ ဝန်ကြီးဌာန ၃ ခုကတော့ အဲဒီလို လုပ်တာပေါ့။ ဒီကိစ္စကို တော်တော်များများလည်း စိတ်ဝင်စားကြတယ်။ မြန်မာပြည်မှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက သိပ်အရေးကြီးပါတယ်။ ဒီနှစ်ခု ပြေလည်နေမှ လွှတ်တော်မှာ ရှေ့ကို ဆက်လို့ရမယ်။ အထူးသဖြင့် နိုင်ငံတကာရဲ့ အခုလို ဖိအားတွေပေါ့။ UN Security Council က လာတယ်။ ICC ပဲ ပို့မလိုလို ပြောတယ်။ အဲဒီလိုအခြေအနေမှာ တကယ့် ပြည်တွင်းအရ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးအခြေအနေ ပြောဆိုမှုတွေမှာ  ဆရာနေထွန်းနိုင်အနေနဲ့ရော ဘယ်လိုသုံးသပ်လဲ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ဦးနေထွန်းနိုင် (အယ်ဒီတာ၊ Myanmar Quarterly)

“ယေဘုယျအားဖြင့်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သဘောသဘာဝကိုက ဂူတဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းနေတယ်လို့ အစောကြီးကတည်းက လူတိုင်းသိတဲ့ကိစ္စပါပဲ။ အခုဖြစ်နေတဲ့ ပြဿနာတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မပြတ်သားမှု၊ အငြင်းပွားစရာ အချက်တွေကြောင့်မို့ ဖြစ်နေတာပေါ့။ သမ္မတရဲ့အောက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှိသလားဆိုတဲ့ ကိစ္စလိုမျိုး။ သူကိုယ်တိုင်လည်း ထုတ်ပြောတယ် ဆိုတာမျိုးပေါ့။ Issue ကို ပြန်ကြည့်တဲ့အခါကျတော့ ရခိုင်ကိစ္စနဲ့ ဆက်နွှယ်ပြီး သူက ပြောတာဆိုတော့ အားလုံးကို ခြုံငုံတာ မဟုတ်ဘူး။ ကန့်သတ်ချက်လေး တခုရှိတယ်။ တနည်းတဖုံအားဖြင့် သူက ဒီကိစ္စမှာ သူနဲ့မဆိုင်ဘူး၊ အစိုးရနဲ့ပဲဆိုင်တယ် ဆိုလိုချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီလိုအနေအထားမျိုး ဖြစ်နိုင်တဲ့ အခင်းအကျင်းကလည်း ရှိနေတယ်။ တနည်းအားဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ လုပ်မယ်ဆိုရင် သေချာတာက တပ်မတော်လက်ထဲမှာပဲ အပြည့်အဝရှိတယ်။ အကယ်၍များ ဖြစ်ခဲ့တဲ့ Conflicts တွေမှာ ကာလုံနဲ့ တိုင်ပင်ပြီးမှ အရေးပေါ်အခြေအနေ ကြေညာထားတယ်ပဲ ဆိုကြပါစို့။ အဲဒီလိုအခြေအနေမျိုးဆိုရင်တော့ ဖြစ်သမျှကိစ္စ လုံးလုံးလျားလျား တပ်မတော်ပေါ်မှာ တာဝန်ရှိတဲ့ပုံစံမျိုး ရှိတယ်။ အခုကတော့ ကာလုံနဲ့ အလားသဏ္ဌာန်တူတဲ့ အစည်းအဝေးတွေပဲ ခေါ်ထားတဲ့အတွက်ကြောင့် သူ ဒါကိုပဲ ရည်ညွှန်းပြီးတော့ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာပဲ တပ်မတော်က လုပ်တယ်လို့ ပြောတယ်လို့ပဲ ထင်တယ်။ တဖက်က ပြန်ကြည့်ရင်တော့ ကျနော်တို့နိုင်ငံရဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက ပြောနေသလောက်တော့ ကောင်းသေးတဲ့ အနေအထားမှာ မရှိဘူးလို့ ပြောနိုင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013