DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှစ် ဖြစ်လာမလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
January 30, 2018
၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှစ် ဖြစ်လာမလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB


၂၀၁၈ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူတိုးတက်ရေးအစည်းအရုံးက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အရင်ထိုးထားတာ ၈ ဖွဲ့၊ အခုနောက်ထပ် ၂ ဖွဲ့တိုးလာတော့ ဒါဟာ အန်စီအေလမ်းကြောင်းထဲကို ဝင်လာတဲ့ လူမျိုးစုအဖွဲ့ ဆယ်ခု ဖြစ်လာပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာဆိုရင် တတိယအကြိမ်မြောက် ၂၁ ပင်လုံကိုလည်း ပြန်စမယ်။ ပြည်ထောင်စုနေ့လည်း ရှိတယ်။ ၂၀၁၈ ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်လာမလားဆိုတာ ဒီနေ့ ဆွေးနွေးမှာပါ။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ The Myanmar Quarterly အယ်ဒီတာ ဦးနေထွန်းနိုင်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“အရင်တုန်းက အန်စီအေလမ်းကြောင်းကတော့ အစိုးရနဲ့ တပ်မတော်က ချပေးထားတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ့။ ၈ ဖွဲ့ပဲ ထိုးခဲ့တယ်။ ကျန်တာတွေ မထိုးဘူး။ အခု ၂ ဖွဲ့တော့ ထပ်တိုးလာတယ်ပေါ့။ မွန်ပြည်သစ်ကတော့ စပြီးဆွေးနွေးကတည်းကလည်း ပါတယ်။ အရင်ထိုးတဲ့ထဲတော့ မပါဘူး။ အခု ၂၀၁၈ မှာ ငြိမ်းချမ်းရေး ပိုပြီးတော့ ပွင့်လင်းလာလား၊ ငြိမ်းချမ်းရေးလိုလားတဲ့ တိုင်းရင်းသားတွေ လုပ်ငန်းစဉ်ထဲမှာ ပိုပြီးတော့ ပါဝင်လာနိုင်ခြေရှိလား။ ဆရာ သုံးသပ်ပေးပါဦး။”

ဦးမောင်မောင်စိုး (နိုင်ငံရေး လေ့လာသုံးသပ်သူ)

“ယူအန်အက်ဖ်စီအနေနဲ့ ဆွေးနွေးတာကနေပြီး ဒီတခေါက်မှာ မွန်ပြည်သစ်ပါတီနဲ့ LDU တို့ နှစ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လာတွေ့တယ်။ အန်စီအေ လက်မှတ်ထိုးတာတော့ မဟုတ်သေးဘူး။ ထိုးမယ်လို့ ကတိကဝတ်ပြုတာ။ ဒီနှစ်ဖွဲ့ကိုပဲ သီးခြားဆွေးနွေးသွားမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ကလည်း ပြောတယ်။ ယူအန်အက်ဖ်စီ ဒီပီအန်အနေနဲ့ မဟုတ်ဘဲနဲ့ မွန်ပြည်သစ်ပါတီနဲ့ LDU နှစ်ပါတီ ဆွေးနွေးပြီးတော့ အန်စီအေ လက်မှတ်ရေးထိုးသွားမယ်လို့ ပြောတယ်။ ဒီနှစ်ဖွဲ့ကတော့ အန်စီအေ လက်မှတ်ရေးထိုးသွားဖို့ကတော့ သေချာသလောက်ရှိတယ်လို့ ပြောလို့ရပါတယ်။ ၂၀၁၅ အောက်တိုဘာ ၁၅ မှာ အန်စီအေ လက်မှတ်ထိုးတာ ၈ ဖွဲ့ပဲ ရှိတယ်။ မူအရ အစိုးရနဲ့၊ တပ်မတော်က အန်စီအေကို ဆုပ်ကိုင်ထားတယ်။ အန်စီအေထိုးမှလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားလို့ရမှာကိုး။ လောလောဆယ် ကိန်းဂဏန်းအရဆိုရင် နှစ်ဖွဲ့တိုးလာတယ်။ အန်စီအေထိုးတာ ဆယ်ဖွဲ့ရှိပြီလို့ ပြောလို့ရတယ်။ တဖက်က ပြောမယ်ဆိုရင် မြန်မာပြည်တောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒီဧရိယာမှာတော့ ငြိမ်းချမ်းရေးလမ်းစ ဆွေးနွေးပွဲစကားဝိုင်းကို ရောက်တဲ့ လမ်းစ ပွင့်တယ်လို့ ပြောလို့ရပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာကတော့ တောင်ပိုင်းတခုလုံးကို ခြုံလိုက်တာပေါ့။ မြောက်ပိုင်းကတော့ တခုပေါ့။ အခု မွန်ပြည်သစ်ရယ်၊ လားဟူရယ် ထပ်တိုးလာတယ်။ တပြိုင်တည်း အရင်ထိုးတဲ့သူတွေကလည်း လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်တဲ့နေရာ၊ အဆင့်လိုက် အမျိုးသားအဆင့်လို၊ ပြည်နယ်အဆင့်လို ဆွေးနွေးပွဲတွေမှာတော့ တချို့လည်း ဝေဖန်နေတာတွေ အများကြီး ရှိတယ်ပေါ့နော်။ ဒီနှစ်ဖွဲ့အပေါ်မှာ ဘာမျှော်လင့်လို့ရလဲ၊ ငြိမ်းချမ်းရေးအလားအလာ ပိုပြီးတော့များ ပွင့်လင်းလာလား ဆရာနေထွန်းနိုင် ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ဦးနေထွန်းနိုင် (အယ်ဒီတာ၊ The Myanmar Quarterly)

“အခုက နှစ်ဖွဲ့ပေါ့။ အမှန်ဆိုရင် ၅ ဖွဲ့လောက်ထိ ထိုးဖို့ အခြေအနေ ရောက်ခဲ့သေးတယ်။ အဲဒီကနေတဆင့် နောက်ဆုံး ၂ ဖွဲ့ ကျန်တဲ့သဘောဆိုတော့ အပြည့်အဝ တိုးတက်မှုရှိလား ပြောရင်တော့ ပြောလို့မရသေးဘူးပေါ့။ တဖက်မှာကလည်း သတိထားရမှာက အန်စီအေကို တိုင်းရင်းသားတွေက ရွေးချယ်တယ်ဆိုတာက နိုင်ငံရေးအရ အဖြေရှာလိုမှုပေါ့။ နိုင်ငံရေး ဆွေးနွေးမှုတွေကတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အဖြေရှာဖို့ အသုံးချချင်တဲ့သဘောကိုး။ အန်စီအေအရ အရေးကြီးတာက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း အရေးကြီးတယ်။ အခုအချိန်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက ရှမ်းမှာဆိုရင် ဒေသတချို့မှာ အတားခံရတယ်။ ရခိုင်မှာဆိုရင် လုံးဝ မလုပ်နိုင်သေးဘူးပေါ့။ အဲဒီလိုပဲ ကရင်မှာဆိုရင်လည်း ပြဿနာရှိနေတယ်။ အေဘီအက်စ်ဒီအက်ဖ် ဆိုရင်လည်း လုပ်လို့မရတဲ့ တားခံရတဲ့နေရာတွေ ရှိနေတယ်။ အခုဖြစ်နေတဲ့ ပြဿနာက အဲဒီပြဿနာတွေပေါ့နော်။ အဲဒီပြဿနာတွေ မပြေလည်ဘဲနဲ့ တဖက်မှာလည်း ၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေးကို ပြင်ဖို့ စပြီးစိုင်းပြင်းနေတယ်ပေါ့။ အဲဒီအချိန်မျိုးမှာ မွန်ပြည်သစ်က လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်တာပေါ့။ ကျနော်တို့ မေးစရာရှိတာက မွန်ပြည်သစ်က လက်မှတ်ထိုးပြီးတဲ့အချိန်မှာ ဘယ်လောက်လုပ်နိုင်မှာလဲပေါ့။ အခု မွန်ပြည်နယ်တခုလုံးကို ကိုယ်စားပြုမှု လွှမ်းခြုံတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့်ရှိမှာလားပေါ့။ ဒါမှမဟုတ် တပ်မတော်က သတ်မှတ်ပေးထားတဲ့ နေရာလေးတခုမှာပဲ လူလေးနည်းနည်းနဲ့ပဲ လုပ်ခွင့်ရှိမှာလားပေါ့။ ဒါကတော့ မေးစရာတခု ရှိပါတယ်။ နောက် သူ့အနေနဲ့ သီးခြားပြဿနာတွေ ရှိတယ်။ မြေယာကိစ္စတွေ၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ၊ ဒုက္ခသည်အရေးတွေပေါ့။ အခု အဲဒါကို ဘာလို့ပြောလဲဆိုတော့ အန်စီအေ လက်မှတ်ထိုးပြီးသွားရင် လက်မှတ်ထိုးတဲ့သူတွေက အကျိုးအမြတ်ရှိပါတယ် ဆိုတာကို ပြသနိုင်တာမျိုး ကျန်တဲ့အဖွဲ့တွေမှာ မရသေးဘူး။ မွန်ပြည်သစ်ကရော အဲဒါကို ရမလားဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေတယ်။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013