DVB Logo
Home
မြန်မာသတင်း
မောင်တောဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှုလုံးဝမရှိဟု ကော်မရှင်ရှင်းလင်း
DVB
·
August 7, 2017
မောင်တောဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှုလုံးဝမရှိဟု ကော်မရှင်ရှင်းလင်း
1 / 4
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်တွေမှာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇ၀တ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ရပ်မျိုးတွေလုံးဝမရှိဘူးလို့ ဒုသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ မောတောဒေသ  စုံစမ်းစစ်ဆေးရေးကော်မရှင်ကပြောကြားလိုက်ပါတယ်။

သြဂုတ် ၆ ရက်မနက်က  ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ ကျောက်စိမ်းခန်းမှာ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေနဲ့ စပ်လျဉ်းပြီး ပြည်တွင်း/ပြည်ပ သတင်း မီဒီယာတွေကို တွေ့ဆုံရှင်းလင်းသွားတာပါ။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ် မောင်တောဒေသမှာ နယ်ခြားစောင့် ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဟာ အရင် ပဋိပက္ခတွေနဲ့ မတူဘဲ နိုင်ငံတော်ပုန်ကန်မှုဖြစ်စဉ် ဖြစ်တဲ့အပြင်  ပြည်ပနဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်တွေလည်း ပေါ်ပေါက်ခဲ့တဲ့အတွက် ဖြစ်စဉ် ပိုမိုရှုပ်ထွေး၊ နက်ရှိုင်းတယ်လို့လည်း ဒုသမ္မတက သုံးသပ်ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကျေးရွာပေါင်း ၂၀ ကို ကိုယ်တိုင်သွားရောက် မေးမြန်းစုံစမ်းခဲ့ရာမှာ  လုံးဝမှန်ကန်ခြင်းမရှိကြောင်း  ကော်မရှင်အဖွဲ့ခေါင်းဆောင်ကပြောသွားပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံးက သုံးသပ်သည့် Crime against humanity ဖြစ်နိုင်ခြေလုံးဝ မရှိပါကြောင်း၊ Ethnic cleansing ဟု ယူဆနိုင်သည့် အနေအထားလည်း လုံးဝမတွေ့ရှိ ပါဟု ပြောကြားလိုကြောင်း၊   ဒါ့အပြင် အချို့သော ပြင်ပပုဂ္ဂိုလ်တွေက ၄င်းဒေသ၌ လူမျိုးတုံးအောင် သတ်ဖြတ်ခြင်း (Genocide) ရှိသယောင် စွပ်စွဲပြောဆိုခြင်း၊ မဟုတ် မမှန်သတင်းဖြန့်ခြင်းများကို တွေ့ရှိရပါကြောင်း၊ ကော်မရှင်၏ အချိန်ယူ စုံစမ်း စစ်ဆေးချက်များအရ ထိုဖြစ်ရပ်မျိုးလုံးဝမရှိကြောင်း တွေ့ရှိရပါကြောင်း”  ဒုသမ္မတ ဦးမြင့်ဆွေက  ရှင်းလင်း ပြောကြားသွားပါတယ်။

ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေကလည်း ရခိုင်မြောက်ပိုင်း ဒေသမှာ လူမျိုးနွယ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်မှု (Crime against humanity) ဖြစ်နိုင်ခြေနဲ့ လူမျိုးတုံးသတ်ဖြတ်သန့်စင်တယ် (Ethnic cleansing) လို့ ယူဆနိုင်တဲ့ အနေအထားမရှိဘူးလို့ ပြောသွားပါတယ်။

ကော်မရှင် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က တော့ “ လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေကို ငြိမ်သွားရင်ပြီးရောဆိုတဲ့ အနေအထားမျိုး ဖြေရှင်းတာထက် ပြဿနာရဲ့ အရင်းအမြစ်ကို နားလည်ပြီး အရပ်ဘက်အုပ်ချုပ်ရေးနည်းလမ်းကို ပိုပြီး အင်တိုက်အားတိုက် နည်းလမ်းနဲ့ ဆောင်ရွက်သွားတာက ပိုပြီးတော့ သင့်တော်တယ်”လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီဖြစ်စဉ်တွေဟာ မူးယစ်ဆေးဝါး အမြောက်အမြားဖမ်းဆီးရမိတာတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့လည်း အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အငြိမ်းစားရဲချုပ် ဦးဇော်ဝင်းက ပြောပါတယ်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော် သမ္မတရုံးက အဖွဲ့ဝင်ပေါင်း ၁၃ ယောက်နဲ့ ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်မှာ သမ္မတဆီကို တိုက်ရိုက် အစီရင်ခံတင်ပြရမှာ ဖြစ်ပါတယ်။

မောင်တောဒေသမှာ နောင်အလားတူဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကဏ္ဍတွေကို ဘယ်လိုဆောင်ရွက်သင့်တဲ့အကြောင်း ကော်မရှင်ရဲ့ အစီရင်ခံစာမှာ အကြံပြုတင်ပြထားပါတယ်။

ဒါ့အပြင် အစီရင်ခံစာမှာ လက်ငင်းဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ရေရှည်မဟာဗျူဟာချ ဆောင်ရွက်ရမယ့် အကြံပြုချက် ၄၈ ချက်ကိုလည်း တင်ပြထားပြီး မောင်တောဒေသမှာ လူ့အခွင့်အရေးကိစ္စတွေ ကြည့်ရှုစုံစမ်းနိုင်မယ့် ယန္တရားတစ်ခုထားသင့်တယ်လို့လည်း အကြံပြုထားပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013