လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းခဲ့သည့် အစီရင်ခံစာကို မြန်မာကိုယ်စားလှယ် ငြင်းပယ်
DVB
·
March 29, 2016

နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲမှာ တင်သွင်းလာတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ အများစုကို မြန်မာကိုယ်စားလှယ်တွေက ငြင်းဆန်ခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးရဲ့ ဒီလ ၁၇ ရက်နေ့ ဆွေးနွေးပွဲမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဦးမောင်ဝေက ငြင်းဆန်ခဲ့တာလို့ အဲဒီပွဲကို တက်ရောက် ဆွေးနွေးခဲ့သူတဦးက ပြောပါတယ်။
လူ့အခွင့်အရေးစောင့်ရှောက်သူများဖိုရမ်ရဲ့ ညှိနှိုင်းရေးမှူး ဦးထူးကျော်ဝင်းက “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ရှိနေပါတယ်၊ လွှတ်ပေးပါလို့ ဒီဘက်က စီအက်စ်အို အဖွဲ့တွေက တောင်းဆိုရင် သူက မြန်မာနိုင်ငံမှာ လုံးဝ နိုင်ငံရေးအကျဉ်းသား မရှိပါဘူး။ မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရတာတွေ ဖြစ်နေပါတယ်။ ဒါကို အရေးယူပေးပါဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးက အပြည့်အ၀ ရှိပြီးသား၊ မြန်မာနိုင်ငံမှာ လူနည်းစု တိုင်းရင်းသားတွေ အပေါ်မှာ ဖိနှိပ်မှုတွေ ရှိနေပါတယ်လို့ ဒီဘက်က တင်သွင်းတယ်ဆိုရင် လူနည်းစု တိုင်းရင်းသားတွေအပေါ် ဘာမှမဖိနှိပ်ဘူး၊ အားလုံး တန်းတူညီမျှ ဆက်ဆံတယ်။ အဲလိုမျိုးပေါ့နော် သူက ကိစ္စတော်တော်များများ တင်သွင်းမှုတွေ အကုန်လုံးကို အများအားဖြင့် ငြင်းဆန်သွားတာ များတယ်ပေါ့နော်။ ဒါသည် ဦးသိန်းစိန်အစိုးရ လက်ထက် တောက်လျှောက်မှာ” လို့ ပြောသွားတာပါ။
ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ကျောင်းသားတွေကို ဖမ်းဆီး အရေးယူခဲ့ရတာ ဖြစ်တယ်လို့ ပြန်လည်ဆွေးနွေးခဲ့တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် ဦးမောင်ဝေရဲ့ တင်ပြချက်တွေဟာ ကျောင်းသားသပိတ်သမိုင်းကို ပုံဖျက်တာဖြစ်တယ်လို့ ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုက ပြောပါတယ်။
“ကမ္ဘာရဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ လူပုံအလယ်မှာ အဖွဲ့အစည်းပေါင်းစုံရဲ့အလယ်မှာ ဗြောင်လိမ်ဗြောင်စား အကျင့်ဆိုးနဲ့ ကျောင်းသားတွေကပဲ မတရားလို့ ဖမ်းဆီးထားသလို၊ ကျောင်းသားတွေကပဲ ရာဇ၀တ်မှုကျူးလွန်လို့ ဖမ်းဆီးထားသလို စွပ်စွဲတာဟာဆိုရင် ကျောင်းသားသပိတ်ကြီး တခုလုံးကို ပုံဖျက်တာနဲ့ အတူတူပဲ။”
လူ့အခွင့်အရေးကို ရာဇဝတ်မှု ပုဒ်မတွေနဲ့ ကာကွယ်ပြီး အရေးယူတဲ့သူတွေ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်နေတာ ဖြစ်တယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။
“ဆန္ဒဖော်ထုတ်တယ်ဆိုတာက လူ့အခွင့်အရေးပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ မှာလည်း ဒါကို ခွင့်ပြုထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာလည်း လက်ခံ အသိအမှတ်ပြုထားတယ်။ အဲဒီတော့ ဆန္ဒဖော်ထုတ်တာကို ခွင့်ပြုချက်မယူလို့ဆိုရင် ပုဒ်မ ၁၈ နဲ့စွဲပေါ့။ ပုဒ်မ ၁၈ နဲ့ တရားမစွဲဘဲနဲ့ မသက်ဆိုင်ဘဲ ရာဇသတ်ကြီးပုဒ်မ ၁၄၃-၁၄၅-၁၄၇-၃၃၂ နဲ့ အာမခံ မပေးနိုင်တဲ့ ၅၀၅ (ခ) နဲ့ အရေးယူတယ်။ အဲဒီလို အရေးယူတာကိုက လူ့အခွင့်အရေး ချိုးဖောက်တာ။”
မြန်မာနိုင်ငံမှာ ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်ပြီး အသတ်ခံရတာ၊ အလွတ်တန်း သတင်းထောက် ကိုပါကြီးနဲ့ လက်ပံတောင်းတောင်က ဆန္ဒပြသူ ဒေါ်ခင်ဝင်း အသတ်ခံရတာတွေနဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေရဲ့အမှုဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေထဲက အထင်ရှားဆုံး သာဓကတွေဖြစ်တယ်လို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေက ပြောဆိုထားပါတယ်။