DVB Logo
Home
Lead Story
“ငါတို့နှစ်ယောက် ပြန်တွေ့ကြဦးမယ်လေ၊ ငါစောင့်နေမယ်” လို့ အမေက စကားပါးတယ် - ရဲဘော်ဖိုးသံချောင်း
DVB
·
November 26, 2015
“ငါတို့နှစ်ယောက် ပြန်တွေ့ကြဦးမယ်လေ၊ ငါစောင့်နေမယ်” လို့ အမေက စကားပါးတယ် - ရဲဘော်ဖိုးသံချောင်း
Donate to DVB

နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံကျော် သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့ နှစ် ၁၀၀ ပြည့် ရာပြည့်ပွဲတော်ကို မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ဓမ္မသာလခန်းမမှာ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ လေးရက်ကြာကျင်းပမှာ ဖြစ်ပါတယ်။

ဒီရာပြည့်ပွဲတော်မှာ လူထုဒေါ်အမာနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံ၊ စာအုပ်နဲ့ လက်ရေးမူပြပွဲနဲ့ အထိမ်းအမှတ်ပစ္စည်း ဈေးရောင်းပွဲတော်တွေ ထည့်သွင်းထားပါတယ်။

ဒီပွဲတော်ကို နိုင်ငံရေးယုံကြည်ချက်ကြောင့် နှစ်ပေါင်းသုံးဆယ်ကျော် ပြည်ပနိုင်ငံမှာ ရောက်ရှိနေတဲ့ သားကြီးဖြစ်သူ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရသူ ရဲဘော်ဖိုးသံချောင်း တက်ရောက်ခွင့်ရမှာ မဟုတ်ပါဘူး။ လူထုဒေါ်အမာဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ရဲဘော်ဖိုးသံချောင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အမေ လူထုဒေါ်အမာရဲ့ ရာပြည့်ပွဲတော်ကို မန္တလေးမှာ ခမ်းခမ်းနားနား ကျင်းပကြဖို့ ပြင်ဆင်နေပါတယ်။ အမေရဲ့ နှစ်တရာပြည့်မှာ အဝေးရောက်နေတဲ့ သားတယောက်အနေနဲ့ ရင်ထဲမှာ ဘာဖြစ်ချင်ပါသလဲ။

"ဟုတ်ကဲ့ခင်ဗျ။ ကျနော် မှန်တာပြောရရင်တော့ အမေ့ကိုဂုဏ်ပြုတဲ့ အခမ်းအနားကို ကျနော် သားတယောက်အနေနဲ့ တကယ်ပဲ တက်ချင်ပါတယ်။ သူများနည်းတူပဲ ကျနော်လည်း အဲဒီမှာရှိချင်တယ်။ သူများတွေ အမေ့အကြောင်း ပြောကြတာတွေကို နားထောင်ချင်ပါတယ်။ နားနဲ့ဆတ်ဆတ် ကြားရတာဟာ သတင်းစာထဲဖတ်ရတာ၊ ရေဒီယိုထဲကတဆင့် တိုတိုတောင်းတောင်း နားထောင်ရတာထက် အများကြီး ပိုကောင်းတယ်လို့ ထင်တယ်။ နောက်ပြီးကျတော့ တက်ရောက်လာတဲ့လူတွေရဲ့ မျက်နှာတွေကို ကြည့်ရင်းနဲ့လည်း ခံစားမှုတွေ တဖွားဖွားဖြစ်ပေါ်မယ်လို့ ကျနော့်ကိုယ်ကျနော် ယုံကြည်ပါတယ်။ ဒါပေမယ့် အခြေအနေအရ ကျနော် မတက်နိုင်ပါဘူး။ အဲဒီတော့ ကျနော်နားလည်မိတာကတော့ ဒီကနေ့ ဗမာပြည်က လူတွေဟာ၊ ဗမာပြည်သားတွေဟာ အမေ့ကို ဂုဏ်ပြုကြတယ်။ အမေရဲ့ အမေလုပ်ခဲ့တဲ့ လုပ်ငန်းတွေကို သူတို့ ဆက်ပြီးတော့ လုပ်မယ်ဆိုတဲ့ တာဝန်ယူမှုစိတ်တွေ ရှိနေသေးတယ်လို့ ကျနော်ယုံကြည်လို့ ၀မ်းမြောက်ရပါတယ်ခင်ဗျ။ တကယ်ကျတော့ အမေလျှောက်သွားတဲ့လမ်းဟာ မဆုံးသေးပါဘူး။ အဘက်ဘက်မှာပါ၊ နိုင်ငံရေးတခုတည်း ပြောတာမဟုတ်ပါဘူး၊ စာပေရေးရာမှာရော၊ တခြားဘက်တွေမှာပါ ယဉ်ကျေးမှုရေးရာတွေမှာရော။ အမေလုပ်သွားတဲ့ဟာတွေ၊ စခဲ့တဲ့ဟာတွေ မပြီးသေးတာတွေ အများကြီးပဲ။ အဲဒီဟာကို ကျနော်တို့တိုင်းပြည်က၊ နယ်ပယ်အသီးသီးကလူတွေ အားလုံးကြိုးစားပြီး ဆက်လုပ်ကြရဦးမှာ ရှိပါတယ်။ အဲဒီအတွက် ဒီမှာလာ စုဝေးကြတာကို ကျနော် ၀မ်းမြောက်ဝမ်းသာနဲ့ ပါဝင်ချင်ပါတယ်။ ဒါပေမယ့် မပါနိုင်တဲ့အခါမှာ အားလုံးကို ဒီကနေပြီးတော့ ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်ခင်ဗျ။"

အန်ကယ့်ဖေဖေနဲ့မေမေဟာ နိုင်ငံကျော် သတင်းစာဆရာ၊ စာရေးဆရာတွေ ဖြစ်ကြတယ်။ ဒီလိုမျိုးမိဘတွေရဲ့ ရင်ခွင်ကနေ အန်ကယ် အဝေးကို ရောက်သွားတာကလေ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ထိအောင် ရိုက်ခတ်မှုတွေကြောင့် ဖြစ်ခဲ့ရတာလဲ။ ပြန်တွေ့ခွင့် မရတော့ဘူးနော်။

"ဟုတ်ပါတယ်။ ကျနော် ပြည်ပကို၊ ပြည်ပကို ရောက်သွားတဲ့အကြောင်းက၊ အဓိကအကြောင်းက ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်ပါတယ်။ အခုလည်း ကျနော် ပြန်ဝင်လို့ မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ဟာ သဏ္ဌာန်တခုနဲ့ တည်ရှိနေသေးတဲ့အတွက်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီစစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဗမာပြည်ကနေပြီးတော့ ချေဖျက်ပစ်နိုင်မှ၊ ဖျောက်ဖျက်ပစ်နိုင်မှ ကျနော်တို့လိုလူတွေ၊ ကျနော်တယောက်တည်း မဟုတ်ပါဘူး၊ တခြားလည်း အများကြီး ရှိပါသေးတယ်။ ကိုယ့်တိုင်းပြည်ကို တခြားနိုင်ငံသားများနည်းတူ တိုင်းပြည်တာဝန်ထမ်း၊ ပြည်သူလူထုကို အကျိုးပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။"

အန်ကယ် ဖေဖေ၊ မေမေကိုခွဲခွာပြီး တနယ်ရပ်ခြားကို ထွက်သွားတာ ဘယ်အရွယ်လောက်ကလဲ။ သူတို့နဲ့ပတ်သက်လို့ အန်ကယ့်ဘ၀မှာ ဘယ်လိုမှတ်သားထားတာတွေအနက် သတိအရဆုံး အချက်တချက်လောက် ပြောပြပါလား။

"ကျနော် ထောင်ကလွတ်လာတာ၊ ကိုကိုးကျွန်းက ပြန်လာ၊ ကိုကိုးကျွန်းက ပြန်လာပြီး အင်းစိန်ထောင်ကနေ လွတ်လာတာဟာ ၁၉၇၂ ခုနှစ်လယ်မှာ။ နောက်ပြီး ထောင်ကလွတ်တဲ့ဟာကျတော့ ၁၉၇၆ ခုနှစ်။ အဲလိုလွတ်လာတဲ့အခါမှာ ကျနော် အိမ်မှာ ၄ နှစ်ပဲ နေရပါတယ်။ ကျနော့်အိမ်မှာ လာဖမ်းတဲ့အခါမှာ ကျနော်ထွက်ပြေးလာပါတယ်။ အဲဒီတော့ ကျနော်ထွက်ပြေးတဲ့အခါမှာ ကျနော့်ကို ထွက်ပြေးအောင် ကူညီပေးခဲ့တာ၊ နောက်ဖေးတံခါး ဖွင့်ပေးခဲ့တာ ကျနော့်အမေပါ။ ကျနော်တို့နှစ်ယောက် တီးတိုးပြီးတော့ သူက ဖွင့်ပေးပြီးတဲ့အခါ ကျနော့်ကို မေးထိုးပြလိုက်တာနဲ့ ကျနော် အဲဒီက ထွက်ပြေးတာပါ။ အဖေက အဲဒီအချိန်က ကျနော့်ကို ကြည့်နေပါတယ်။ အဖေကလည်း ဖမ်းသွားတော့မယ်ဆိုပြီးတော့ သားကို မျက်စိအောက်က အပျောက်မခံ ကြည့်နေတဲ့သဘောမျိုးပါ၊ အမေကလည်း ကြည့်နေပါတယ်။ အဲဒီကြားထဲက ကျနော် သူတို့ကို နှုတ်မဆက်နိုင်၊ မကန်တော့နိုင်ဘဲ ထွက်ခဲ့ရတာ ဖြစ်တဲ့အတွက် ကျနော် အခုထိ စိတ်မကောင်းကြီးခြင်း ဖြစ်ရပါတယ်။"

အန်ကယ်အပါအ၀င် မြန်မာ့နိုင်ငံရေးလောကမှာ ကျင်လည်သူတွေဟာ လောကဓံ အထုအထောင်း ခံခဲ့ရတာကတော့ အထူးတလည် ပြောစရာမရှိပါဘူး။ အဲဒီတော့ အန်ကယ် နှစ်ပေါင်းများစွာ မိဘနဲ့ကင်းကွာပြီး၊ နိုင်ငံသားတွေနဲ့ ကင်းကွာပြီး ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်တာက အမေ့ဆီက ဘာအမွေတွေ ရခဲ့လဲခင်ဗျ။

"ကျနော့်အဖေနဲ့ အမေဟာ သူတို့ယုံကြည်တာကို စွဲစွဲမြဲမြဲလုပ်တယ်။ သူတို့မှာ မူရှိတယ်။ ဘ၀နေထိုင်မှုနဲ့ ပတ်သက်ပြီး၊ ပြောဆိုမှုနဲ့ ပတ်သက်ပြီး အမြဲတမ်း မူရှိတယ်။ ရေးတာဆိုတာ ပြောဖို့မလိုဘူး။ အဲဒီမူပေါ်မှာ ကြံ့ကြံ့ခံရပ်တည်တယ်။ မူကို သူတို့ အလွယ်တကူ အလျှော့မပေးဘူး၊ မစွန့်လွှတ်ဘူး။ ကျနော် အဲဒီဟာကို သူတို့ဆီက အမွေရတာပါ။ အဲလိုပြောလို့ရပါတယ်။ အတိအကျပြောလို့ရပါတယ်။"

အန်ကယ့်ဘ၀မှာ အမေနဲ့ပတ်သက်လို့ အမှတ်တရရှိတာလေးကို ပြောပြပါခင်ဗျ။ ဘာတွေများ ပြောစရာရှိမလဲ။

"ကျနော်ကတော့ အမှတ်တရတွေ အများကြီးဗျ၊ ပြောရမှာ ခက်တော့ခက်သားပဲ။ အများကြီးဆိုတဲ့အထဲမှာ ငယ်ငယ်လေးတုန်းကရှိခဲ့တဲ့ အမှတ်တရတွေလည်း မှတ်မိနေသေးတယ်။ ကြီးမှ သူနဲ့ပတ်သက်တဲ့ မမေ့နိုင်တဲ့ ကိစ္စတွေလည်း အများကြီးပါ။ နောက်ဆုံးပြောချင်တာကတော့ သူနဲ့ကျနော်နဲ့ကွဲပြီး အနှစ် ၂၀ ကျော်လောက် ကြာတဲ့အခါမှာ ကျနော့်ဆီကို လူကြုံနဲ့ပါးတဲ့စကားလေး “ငါတို့နှစ်ယောက် ပြန်တွေ့ကြဦးမယ်လေ၊ ငါစောင့်နေမယ်” ဆိုတာမျိုး အမေပြောပါတယ်။ အဲဒီတော့ အဲဒီဟာလေးက အကောင်အထည် မဖော်တဲ့အတွက် အမေ့ကို ကျနော် အများကြီး “သြော် ကိုယ့်ဘက်ကများ ချို့ယွင်းသွားလေသလား” ဆိုပြီးတော့ အမေ့ကို အများကြီး ကျနော် တောင်းပန်ချင်တဲ့ဟာမျိုး ရှိပါတယ်။ ခုထိ အဲဒီခံစားမှုတွေ ကျနော့်စိတ်ထဲမှာ ရှိနေပါတယ်။ အမေ့အပေါ်မှာ တာဝန်များ ပျက်သွားလေသလား၊ အဲဒီလို။ ဒါပေမယ့်လည်း တဘက်မှာတော့ အမေလည်း နားလည်နိုင်မှာပါဆိုပြီး ပြန်ဖြေပါတယ်ခင်ဗျ။"

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013