Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ်၌ စစ်ကောင်စီနှင့် အေအေတို့ စစ်ရေးတင်းမာနေ
DVB
·
July 15, 2023

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ ရောက်လာပြီးနောက်ပိုင်း စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ရခိုင်ပြည်နယ်ကို လာရောက်ပြီးနောက် အေအေလွှမ်းမိုးတဲ့နယ်မြေတွေကို စစ်ကောင်စီတပ်တွေ အင်အားတိုးလာခဲ့ပြီး ဇူလိုင် ၁၄ ရက် မနက်ပိုင်းကစလို့ အခြေအနေ တင်းမာလာတာလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင့်မြို့နယ် ဒေသခံတယောက်က "ဇူလိုင် ၁၄ ရက်နေ့ကစပြီး စစ်ရေး တင်းမာနေကြတာ။ ရသေ့တောင်မြို့နယ်က အေအေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အေအေ ခွင့်ပြချက်မရှိဘဲ ဝင်ရောက်လာနေကြတာလေ။ နှစ်ဖက်တပ်တွေထိပ်တိုက် တင်းမာမှုတွေဖြစ်ပွားနေကြ​တာ။ အခြေအနေမလွယ်ဘူး" လို့ ပြောပါတယ်။

ရခိုင်စစ်ရေးလေ့လာသူတယောက်ကလည်း "မင်းအောင်လှိုင်က ဘာတွေ အမိန့်ပေးခဲ့လဲတော့ မသိဘူးဗျ။ ဇူလိုင် ၁၃ ရက်နေ့မနက် ၆ နာရီကစပြီး ဖောကား အစီး ၅၀ လောက် စစ်သားအပြည့်နဲ့ ရွှေမင်းကံဆိပ်ကမ်းကနေ နေဗီတွေနဲ့ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးဘက်တွေကို အင်အားဖြည့်တင်းနေတာတွေ့ရတယ်။ နောက် စစ်တွေရေချမ်းပြင်ကို စစ်ကားအစီး ၃၀ လောက် ဆင်းသွားပြီး ရသေ့တောင်နဲ့ ဘူးသီးတောင်၊ မောင်တောဘက်ကို အင်အားဖြည့်တင်းနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအသိုင်းအဝိုင်းကလည်း ရခိုင်ကို ဇူလိုင် ၁၀ ရက်နေ့က ရောက်လာခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရခိုင်ပြည်သူလူ ထုကို အကြောင်းမဲ့ ဖမ်းဆီးနိုင်မယ့် ညွှန်ကြားချက်တွေပေးခဲ့တယ်လို့ ပြောကြပါတယ်။

"ရက္ခိုင်တပ်တော် လှုပ်ရှားမှုတွေကိုထိန်းချုပ်ကြဖို့။ ရခိုင်ပြည်သူတွေနဲ့ ပရဟိတ သမားတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကိုအဓိက ဖမ်းဆီးနိုင်ဖို့ ရည်ရွယ်ထားတာ ပစ်မှတ်က။ မိုခါကို အသုံးချ အေအေကို အမြစ်ပြတ်​ချေမူန့်ခိုင်းတာ” လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီအသိုင်းအဝိုင်းဝင်တယောက်က ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ဌာနချုပ်တည်ရှိပြီး ရက္ခိုင့်တပ်တော်(AA) အခြေစိုက်ရာ လိုင်ဇာမြို့နားမှာ တိုက်ပွဲတွေပြင်းထန်လာနေသလို စစ်ကောင်စီတပ်က ရခိုင်စစ်မျက်နှာပြင်မှာ အင်အားအလုံးအရင်းတိုးချပြီး တိုက်ပွဲဝင်ဖို့အသင့်အနေအထားနဲ့ ရှိနေကြဖို့လည်း ညွှန်ကြားထားတယ်လို့ စစ်ကောင်စီအသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024