Home
မြန်မာသတင်း
စစ်ဘေးရှောင်များလာသည့် ကလေးမြို့တွင် အိမ်ငှားခမြင့်တက်
DVB
·
July 15, 2023

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ မြို့နယ်တဝိုက်နဲ့ ကျေးရွာတွေဘက်ကနေ စစ်ဘေးရှောင်တွေများလာတာကြောင့် အိမ်ငှားခဈေးနှုန်းတွေ ၂ ဆကျော်တက်သွားပြီး ငှားဖို့လည်း ခက်လာတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

လျှပ်စစ်မီးရရှိတဲ့ ကပ်အိမ်လုံးချင်းအိမ် ၁ လုံးကို ၁ သိန်းဝန်းကျင်အထိပေးနေရပြီး နံကပ်တိုက်တွေဆိုရင် ၂ သိန်းဝန်းကျင်အထိ ဈေးပေါက်နေသလို အိမ်ငှားရမ်း နေထိုင်သူတွေများတာကြောင့် ငှားရမ်းနေထိုင်ဖို့တောင်ခက်ခဲနေတယ်လို့ဆိုပါတယ်။

သာစည်ရွာက ရွှေ့ပြောင်းလာတဲ့ စစ်ဘေးရှောင်တယောက်က "ကျမတို့ရွာက လက်နက်ကြီး ခဏခဏကျတာကြောင့် ရွာထဲမှာမနေရဲလို့ မြို့နဲ့နီးတော့ မြို့ပေါ်ကို ပြောင်းခဲ့တာ။ အိမ်ငှားခဈေးတွေကလည်းများပြီး ရှာရတာလည်း ခက်နေတယ်။ အရင်ကဆို အိမ်ငှားချင်သူတွေပေါပြီး ဈေးလည်းချိုတယ်။ ကပ်အိမ်တလုံးကို ၄ သောင်းလောက်ပဲ"လို့ ဒီဗွီဘီကိုပြောပါတယ်။

မြို့ပေါ်မှာ အိမ်ငှားရမ်းရင် အများအားဖြင့် ၃ လချုပ်၊ ၆ လချုပ်တွေနဲ့ စာချုပ်ချုပ်ရပြီး စစ်ဘေးရှောင်တွေ တိုးလာတာနဲ့အမျှ အိမ်ငှားရမ်းခဈေးတွေဟာ သိသိသာသာ တက်လာနေပြီး အခုနှစ်ဇွန်လမှာ ပိုပြီး မြင့်တက်လာတာပါ။

ဇွန်လလယ်ပိုင်းကစလို့ စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် အရပ်သားသေဆုံးဒဏ်ရာရတာတွေများလာပြီး ရွာမှာမနေရဲကြတာကြောင့်မြို့ပေါ်ကို တိမ်းရှောင်လာကြတာလို့ ဒေသခံတွေကပြောကြပါတယ်။

စစ်ဘေးရှောင်အများစုကတော့ မြို့တွင်းက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ခိုလှုံနေကြပြီး တချို့ကတော့ အိမ်ငှားနေထိုင်ကြသလို ဆွေမျိုးအိမ်တွေမှာ နေထိုင်ကြတယ်လို့ဆိုပါတယ်။

ကလေးမြို့နားဝန်းကျင်က သာစည်ရွာ၊ ချင်းဆိုင်ရွာ၊ ဇင်းကလင်းရွာ၊ ‌ရေလဲဦးရွာ၊ စံသာရွာ၊ နဂါးပွတ်ရွာ၊ လေးအိမ်စုရွာ၊သုံး အိမ်စုရွာစတဲ့ ကျေးရွာတွေက ဒေသခံထောင်ချီဟာ မြို့ပေါ်မှာစစ်ဘေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024