ပလက်ဝခရိုင်မှာ မိုခါမုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ပလက်ဝခရိုင်က ဇုန်နယ် ၄ ခုဖြစ်တဲ့ ပလက်ဝ၊ မီးဇာ၊ ဆမီးနဲ့ သံထောင်ဇုန်နယ်တို့မှာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပလက်ဝကိုယ်ပိုင်အုပ်ချုပ်ရေးကောင်စီရဲ့ ထုတ်ပြန်ချက်အရ ခရိုင်အတွင်းက လူနေအိမ်ခြေပေါင်း ၅၂၂ အိမ်၊ ဘာသာရေးအဆောက်အအုံ ၈ ခု၊ စာသင်ကျောင်း ၁၅ ကျောင်း၊ ရေပိုက်လိုင်း ၇ ခုနဲ့ စပါးကျီ ၆ ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဘာသာရေးအဆောက်အအုံနဲ့ ပညာရေးအဆောက်အအုံတွေကို ဒေသခံတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြင်ဆင်ခဲ့ရပြီး ဘုရားရှိခိုးတာတွေ ပညာသင်ကြားတာတွေ ပြုလုပ်နေရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ကစတင်ပြီး ရခိုင်ပြည်နယ်ထဲ ဝင်ရောက်ကူညီမယ့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် လူမှုကူညီရေးအဖွဲ့ဝင်တွေရဲ့ သွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တာကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ဘဲ ခရီးလမ်းအဆက်အသွယ်ရှိတဲ့ ပလက်ဝခရိုင်အတွက် ပြန်လည်ထူထောင်ရေး အကူအညီတွေ ရရှိဖို့ ပိုပြီး ခက်ခဲလာတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပျက်စီးသွားတဲ့ အိမ်ခြေတွေအတွက် တအိမ်ထောင်စုကို ၂ သောင်းနှုန်းထောက်ပံ့ခဲ့ပေမယ့်လည်း မလောက်ငှဘူးလို့ မုန်တိုင်းသင့်ပြည်သူတွေက ဆိုပါတယ်။
ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးချိန် အိမ်လုံးဝပျက်စီးသွားတဲ့ မုန်တိုင်းသင့်ပြည်သူ အယောက် ၄၀၀ ကျော်ကို ခရိုင်ကောင်စီက Camp ၃ ခုပြုလုပ်ပေးထားပြီး NGO၊ INGO အပါအဝင် ပြည်သူတွေဆီကရရှိတဲ့ အလှူငွေတွေနဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ပလက်ဝခရိုင်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။
ဒေသခံပြည်သူတွေအသုံးပြုတဲ့ အဓိကရေပိုက်လိုင်း ၇ လိုင်းလည်း မုန်တိုင်းအတွင်း ပျက်စီးခဲ့တာကြောင့် ဝေးလံခေါင်ဖျားတဲ့ချောင်းတွေကနေ ရေကိုခပ်ယူ အသုံးပြုနေရတယ် လို့လည်း ဆိုပါတယ်။
ပလက်ဝမြို့ဟာ အရင်က ကုန်လမ်း၊ ရေလမ်းကုန်သွယ်ရေး လမ်းကြောင်းရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအခြေအနေတွေကြောင့် မတူပီ-မင်းတပ်ကားလမ်းကို အသုံးပြုမရတော့တာကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ပဲ ရေကြောင်း ကုန်သွယ်နေရတာပါ။
ဒါကြောင့် ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး စစ်ရှောင်ပြည်သူတွေနဲ့ မုန်တိုင်းသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အမိုးအကာ၊ အိမ်ဆောက်ပစ္စည်းတွေအပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြပါတယ်။