

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မုတ်သုံမိုး သည်းထန်ခဲ့လို့ ဇူလိုင် ၉ ရက်က ရေကြီး၊ မြေပြိုခဲ့ပြီး လူ တဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။
ဒေရာဘက်စီဒေသမှာ ဂင်္ဂါမြစ်ရေလျှံပြီးတဲ့နောက် လမ်းတွေပိတ်ဆို့ပြီး မြေပြိုခဲ့တာကြောင့် လူအယောက် ၈၀ ထက်မနည်းကို အမျိုးသား သဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့က ကယ်ဆယ်ခဲ့ရပါတယ်။
မုတ်သုံမိုးက ပြည်နယ်အများအပြားကို ၂ ရက်ဆက်တိုက် ဝင်ရောက်တိုက်ခတ်လို့ မြေပြိုတာ၊ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်းသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
မြို့တော် ဒေလီနဲ့ ဟိမချယ်ပရာဒေ့ရှ် ပြည်နယ်တို့မှာ ကျောင်းတွေကို ဆက်ပိတ်ထားဖို့ ညွှန်ကြားထားပြီး တောင်ကုန်းဒေသတွေက လမ်းတွေကို ပိတ်ထားပါတယ်။
မီးရထားဝန်ဆောင်မှုတွေလည်း ထိခိုက်ခဲ့ပြီး မြောက်ပိုင်းမီးရထားက ရထား ၁၇ စင်းခန့်ကို ဖျက်သိမ်းခဲ့ကာ တခြား ၁၂ စီးခန့်ကို လမ်းကြောင်းပြောင်းခဲ့ရတာပါ။
မြို့တော် ဒေလီမှာ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း မိုးရွာသွန်းမှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဒေလီမြို့တော်ဟာ တနင်္ဂနွေနေ့ မနက် ၈ နာရီခွဲက ၂၄ နာရီအတွင်း ၁၅၃ မီလီမီတာ မိုးရွာသွန်းခဲ့လို့ ၁၉၈၂ ခုနှစ်ကစပြီး ဇူလိုင်လမှာ တရက်အတွင်း အမြင့်ဆုံးမိုးရွာသွန်းမှုအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
မုတ်သုံရာသီဟာ အိန္ဒိယနိုင်ငံရဲ့ ဒေါ်လာ ၃ ထရီလျံတန်တဲ့ စိုက်ပျိုးရေးအခြေပြု စီးပွားရေးရဲ့ အသက်သွေးကြောလည်း ဖြစ်ပါတယ်။
Source - Reuters