Home
မြန်မာသတင်း
ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်ခံရ
DVB
·
June 19, 2023
347269130_2179038495760407_7501022108946743165_n

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်‌ခြေမှာရှိတဲ့ ကင်မွန်းချောင်းနယ်‌မြေရဲစခန်းဟာ ဇွန် ၁၉ ရက်‌‌ ညနေ ၄ နာရီလောက်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတို့က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ အင်အား ၃၀ ကျော် တပ်စွဲနေထိုင်‌တဲ့ ကင်မွန်းချောင်းရဲစခန်းကို ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲစခန်းထဲကို တော်လှန်ရေးအင်အားစု‌ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံး ၁၀ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

"ဗုံးသီးက ရဲစခန်းထဲ တည့်တည့်ကျတယ်လို့ ပြောတယ်၊ ထိခိုက်သေဆုံးတာ ရှိမယ်။ မြေပြင် အခြေအနေ သိရရင် ထုတ်ပြန်ပေးမယ်" လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်ကနေ လက်နက်ကြီး ၅ လုံးထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေနဲ့လည်း အဆက်မပြတ် ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကင်မွန်းချောင်းဒေသခံတဦးက ပြောပါတယ်။

"လက်နက်ကြီး လက်နက်ငယ်အသံတွေက ညံဆူနေတာပဲ၊ စဖြစ်တာနဲ့ တောင်ခြေက ဈေးဆိုင်တွေ အကုန်တံခါးပိတ်လိုက်တယ်၊ ဘယ်သူမှလည်း ထွက်မကြည့်ရဲဘူး။"  

ကင်မွန်းချောင်းနယ်မြေရဲစခန်းဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း ၇ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာနဲ့ အဆောက်အဦ ပျက်စီးတာတွေ ရှိနေပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတခုဖြစ်သလို စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ရုံးစိုက်ရာ မြို့နယ်လည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024