Home
မြန်မာသတင်း
ညောင်ပင်ကြီးရွာရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၂ ဦး သေဟု NUG ပြော
DVB
·
June 10, 2023
351304834_300587422297989_954436351009687874_n

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီးရွာရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ် တွေဘက်က ၁၂ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲဟာ ဇွန် ၉ ရက် မနေ့က ညနေ ၅.၅၀ နာရီကနေ ၇ နာရီအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး-ပကဖ)နဲ့ Alpha (ဆားလင်းကြီး-ပကဖ) တို့က ဆားလင်းကြီးမြို့နယ် စခန်းမှူး ရဲအုပ် ဇော်ဌေးမြင့် ဦးစီးတဲ့ အင်အား ၄၀ လောက် အထိုင်ချထားတဲ့ ညောင်ပင်ကြီးရွာရဲစခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ကြတာပါ။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က MA-13 (၂)လက်၊ G-3 (BA-63) (၄)လက်၊ Shotgun (၁)လက်၊ 7.62 ကျည် (၂၀၄၀) တောင့်၊ 5.56 ကျည် (၅၀) တောင့်၊ 9MM ကျည် (၅၀၀) တောင့်၊ M-79/40 MM ဗုံးသီး (၂၉) လုံး၊ နာနတ်သီးလက်ပစ်ဗုံး (၁၃) လုံးတို့နဲ့အတူ ငွေကျပ် ၁၁၄ သိန်းကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ညနေ ၆.၂၄ နာရီလောက်မှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ဘက်က တက်လာတဲ့ MI-35 ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစု တွေဘက်က ညောင်ပင်ကြီးရဲစခန်းကို အောင်မြင်စွာ စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ရဲဘော် ၁ ယောက်ကျဆုံးကာ ၂ ယောက်ကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အ တွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ် ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024