Home
မြန်မာသတင်း
အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နေရာအနှံ့မိုးကြီးပြီး ဒေသအချို့ လေပြင်း တိုက်နိုင်
DVB
·
June 10, 2023

ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့‌တောင်ပိုင်း ကမ်းခြေ - မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတို့မှာ ဆက်လက် တည်ရှိနေတယ်လို့ မိုးဇလဌာနက ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။း

အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် ဇွန် ၁၀ ရက် မနက်ပိုင်းကနေ ဇွန် ၁၁ ရက်အထိ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေက တနာရီ မိုင် ၄၀ ကနေ ၄၅ လောက်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်ဘက်မှာ ဇွန် ၉ ရက် ညနေက လေပြင်း အနည်းငယ် တိုက်ခတ်သွားပြီး လက်ရှိအခြေအနေကတော့ မိုခါမုန်တိုင်းလို စိုးရိမ်စရာမရှိဘဲ မုန်တိုင်း သတိပေး ကြေညာချက် အထွေအထူး မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

"မုန်တိုင်းက ပြန်သွားပြီ၊ မရှိတော့ဘူး အဲ့သလို ပြောသံ ကြားတာပဲ။ မနေ့ညက လေပြင်း နည်းနည်း တိုက်တယ်။ ညနေပိုင်း လေပြင်း နည်းနည်းတော့ တိုက်သွားတယ်။ အခု ရာသီဥတုက မိုးရွာတယ်။ လေနည်းနည်း တိုက်တယ်။ မုန်တိုင်း သတိပေးအခြေအနေ ဘာမှမရှိဘူး။ ပထမအခေါက်လောက် စိုးရိမ်မှု မရှိဘူး။ မုန်တိုင်း ရှိတယ် အဲ့လိုပဲ ပြောသံကြားတယ်။ ဒါပေမဲ့ ပေါ့လျော့နေကြတယ်။ ပထမလောက် မြင့်မယ် မထင်လို့လေ။"

ဆိုင်ကလုန်းမုန်တိုင်း 03B (THREE) ဟာ ရခိုင်ပြည်နယ်ထဲကို တည့်မဝင်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားတောင်ဘက် ကမ်းခြေမြို့အနီးကနေ ဇွန် ၁၀ ရက် မနက်ပိုင်းမှာ ဝင်ရောက်ပြီး၊ ဇွန် ၁၀ ရက် ညနေပိုင်းမှာပဲ အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းကို ဝင်ရောက်ကာ အားပျော့ပျက်ပြယ်သွားနိုင်တယ်လို့ မိုးလေဝသ သုတေသီ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

မုန်တိုင်းညာဘက်ခြမ်း ခရမ်းရောင်စက်ဝန်း "မုန်တိုင်းအတွင်းစက်ဝန်း"ထဲက ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ မုန်တိုင်းကုန်းတွင်းဝင်ပြီး အားလျော့သွားချိန်အထိ လေပြင်း တနာရီ ၄၆ မိုင်ကနေ ၅၇ မိုင်အထိ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

မိုခါ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာတော့ ဒုတိယ မုန်တိုင်း ထပ်လာမှာကို စိတ်ပူကြပေမယ့် မုန်တိုင်း တိုက်ရိုက် မဝင်တော့တဲ့အတွက် စိုးရိမ်မှု ပြန်လျော့သွားတယ်လို့ ဆိုပါတယ်။

စစ်တွေ ဒေသခံတဦးက "စိတ်တော့ ပူကြတာပေါ့။ ကျနော်တို့ဆိုလည်း အိမ်ခေါင်မိုးတွေဘာတွေ သံမှိုတွေဘာတွေ ထပ်ရိုက်တာပေါ့။ စစ်တွေမြို့လည်း လုပ်ကြပါတယ်။ ဒါပေမဲ့ မုန်တိုင်းက ပျောက်သွားတော့ စိုးရိမ်မှု ပြန်လျော့သွားတာပေါ့။ တချို့လည်း သိကြတယ်။ တချို့လည်း မသိကြပါဘူး။ ဘာလို့လဲဆိုတော့ အင်တာနက်ကလည်း သိပ်အဆင်မပြေဘူး။ အင်တာနက် မိတဲ့အချိန် မိလိုက်၊ မမိတဲ့အချိန် မမိဘူး။ အင်တာနက်က မိုင်တဲလ်က သိပ်အဆင်မပြေသေးဘူး။ MPT တို့ ဘာတို့ဆို ဖုန်းပြောဖို့လောက်ပဲ။ ဒါတောင် အိမ်ပြင်ထွက် ပြောမှပဲ။ အိမ်ထဲမှာဆို သိပ်အဆင်မပြေဘူး။ အင်တာနက်သုံးတဲ့ချိန် ပြန်ကြည့်ရတယ်။ မီးလည်း မရတာလည်း ပါတယ်။ ဖုန်းအားသွင်းတာလည်း နည်းနည်း အခက်အခဲ ရှိတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ဇွန် ၁၀ ရက်ကနေ ၁၁ ရက်အတွင်း နေပြည်တော် အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်၊ ရှမ်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီးကာ လေပြင်း တိုက်ခတ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးမြေပြို တာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှု အန္တရာယ်နဲ့ ကမ်းရိုးတန်း တလျှောက် မြစ်ချောင်းအင်းအိုင်တွေနား နေထိုင်သူတွေ ရေကြီးရေလျှံ သတိပြုဖို့၊ ပင်လယ်ပြင် ငါးဖမ်း ရေယာဉ်တွေနဲ့ သင်္ဘောတွေ ကြိုတင် သတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024