Home
မြန်မာသတင်း
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များ သွားလာခွင့် စစ်ကောင်စီပိတ်ပင်
DVB
·
June 8, 2023

နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တွေ အပါအဝင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ အားလုံးကို ရခိုင်ပြည်နယ်ထဲ သွားလာကူညီခွင့် စစ်ကောင်စီဘက်က ပိတ်ပင်လိုက်တယ်လို့ ဒေသတွင်း ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဇွန်လ ၇ ရက် ရက်စွဲနဲ့ စာကို ရခိုင်ပြည်နယ် အစိုးရရုံးတွေကို ရုံးတွင်းစာအနေနဲ့ ပေးပို့ထားတယ်လို့ ရခိုင်ဒေသတွင်း မီဒီယာက ဖော်ပြထားပြီး ရခိုင်ပြည်နယ်မှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တခုက ပြောရေးဆိုခွင့်ရှိသူ တယောက်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

“ဟုတ်ပါတယ်၊ အဲဒါကတော့ သေချာပါတယ်။ မနေ့ကမှ စတာဆိုတော့ ဒီနေ့ မြေပြင်မှာ ဘယ်လိုအခြေအနေတွေ ရှိနေလဲတော့ ကျနော်တို့ ပြောရခက်ပါတယ်။ သူတို့ဘက်က အဆုံးထိသွားနေတာပေါ့။ မီးကုန်ယမ်းကုန်။ သူတို့က ဒီထဲကနေ နိုင်ငံရေးအကျိုးအမြတ် လိုချင်တယ်။ လူတွေက သူတို့ကို အဖက်လုပ်ရမယ်။ သူတို့ဆီကပဲ သွားရမယ်။ အာ့လိုမျိုး သွားနေတာ။ နိုင်ငံတကာရော၊ ဒေသတွင်းကရော ကူညီနေတဲ့အဖွဲ့တွေကို သူတို့ထိန်းချုပ်တာပေါ့။”

နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီအဖွဲ့ကို ရည်ညွှန်းပြီး “ခွင့်ပြုထားရှိသော ခရီးသွားလာခွင့်များအား ဇွန် ၇ ရက်နေ့မှစ၍ ရပ်ဆိုင်းထားရန်” လို့ အကြောင်းကြားစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီဘက်က လုပ်ဆောင်နေတာဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ လိုအပ်နေတဲ့အတွက် နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအသုံးချခံ မဖြစ်ဖို့ကိုလည်း ရခိုင်အခြေစိုက် ကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က သုံးသပ်ပြောပါတယ်။

“ဒီအခြေအနေက စိုးရိမ်ရပါတယ်။ နောက်ပိုင်း အဖမ်းအဆီးတွေ ကြမ်းလာနိုင်တယ်။ ဒီလိုလုပ်ရင် တော်လှန်ရေးအဖွဲ့တွေကို သွယ်ဝိုက်ပြီး သက်ရောက်နိုင်မယ်လို့ သူတို့ ထင်နေပုံရပါတယ်။ တနိုင်ငံလုံးအနေအထားနဲ့ ဒုက္ခရောက်နေတဲ့အချိန်မှာ ဒီရခိုင်ကိစ္စနဲ့ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တွေ အနေနဲ့ သူတို့ကို ဒီအခြေအနေကို နိုင်ငံရေးအသုံးချခံ မဖြစ်ဖို့၊ သူတို့ကို မလိုက်လျောဖို့လိုတယ်။”

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၁၄၆ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၀ ယောက်၊ ပျောက်ဆုံးသူ ၃ ယောက်ရှိခဲ့ပြီး လူ ၁ ဒသမ ၂ သန်းကျော် ထိခိုက်ခဲ့ကာ အကူအညီ လိုအပ်နေတယ်လို့ ရက္ခိုင့်တပ်တော် (ULA/AA) က မေလနောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024