Home
မြန်မာသတင်း
ဝိုင်းမော်တွင် ရွှေအလွန်အကျွံ တူးဖော်သဖြင့် ဒေသခံများ သောက်သုံးရေ အခက်အခဲကြုံ
DVB
·
June 8, 2023

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ တရုတ်လောပန်းတွေက စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံတူးဖော်နေတဲ့အတွက် ဒေသခံပြည်သူတွေ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေပါတယ်။

ဆိုင်လော်ကျေးရွာအုပ်စုအထက် ၃ မိုင်ခန့်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံ တူးဖော်နေတဲ့အတွက် နမ္မတီးချောင်းရေတွေ နောက်ကျိကာ ဒေသခံတွေ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “ရွာအထက် ၃ မိုင်လောက်ဝေးတဲ့ ဖုန်ဒန်ကုန်းဘက်မှာ တရုတ်တွေ ရွှေလာတူးနေကြတာ။ နေ့ကော ညကော စက်အကြီးကြီးတွေနဲ့ တူးနေတာ။ ကျနော်တို့ နမ္မတီးချောင်းရေကို အဓိကထား သောက်သုံးရတာ။ ခု အဲ့လိုတွေတူးနေတော့ အောက်ဘက်က ကျေးရွာတွေ အကုန် သောက်သုံးရေ ပြဿနာတက်တော့တာပဲ။ နောက်ကျိပြီး သုံးလို့ကို မရတော့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတား အထက်ပိုင်း မလိခမြစ်ရိုးတလျှောက်မှာလည်း စက်ယန္တရားတွေ အသုံးပြုကာ ရွှေအလွန်အကျွံတူးဖော်နေတဲ့အတွက် ရေကြောင်းပြောင်းလဲမှုတွေ ဖြစ်ပေါ်ကာ  မြစ်ကြောင်းကို မှီခို အသက်မွေးဝမ်းကြောင်း ပြုလုပ်သူတွေ များစွာ အခက်အခဲ ဖြစ်နေတာပါ။

“အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြောင်းတလျှောက် ရွှေကို စက်ယန္တရားတွေနဲ့ အလွန်အကျွံ တူးတာတွေရှိတယ်။ မြစ်ကြီးနားမြို့အထက်ပိုင်း ဝိုင်းမော်မြို့ အထက်ပိုင်းတွေမှာ တရုတ် လောပန်းတွေ စက်ယန္တရားကြီးတွေနဲ့ နေ့ည မပြတ်တူးနေကြတာ။ မြစ်ချောင်းတွေကို အမှီပြုပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသူတွေ အတော်အခက်အခဲဖြစ်တယ်။ ခုနောက်ပိုင်း သောက်သုံးရေတောင် မရတော့ဘဲ ရေတွေ နောက်ကျိနေပြီ” လို့ ဝိုင်းမော်မြို့နယ်မှ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာနဲ့ အင်ဂန်းကျေးရွာကြား ဧရာဝတီမြစ်ရိုးတလျှောက်  ရွှေတူးဖော်ရေးလုပ်ငန်းခွင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပေမဲ့ ဧရာဝတီမြစ်ရိုးတလျှောက်နဲ့ မလိခမြစ်ရိုးတလျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို အခုအချိန်ထိ နေ့ညမပြတ် ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024