Home
မြန်မာသတင်း
ဗြိတိန် TJC ကုမ္ပဏီက မြန်မာ့ပတ္တမြားရောင်းချမှုကို ပြန်ရုပ်သိမ်း
DVB
·
June 8, 2023

ဗြိတိန်နိုင်ငံက လက်ဝတ်ရတနာတွေနဲ့ အလှကုန်ပစ္စည်းတွေကို ရုပ်သံတီဗီချန်နယ်နဲ့ အွန်လိုင်းကနေ လက်လီရောင်းချနေတဲ့  TJC ကုမ္ပဏီကြီးဟာ မြန်မာ့ပတ္တမြားတွေ ရောင်းချနေမှုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာ့အရေးလှုပ်ရှားတဲ့ ဘားမားကန်ပိန်းယူကေအဖွဲ့အနေနဲ့ ဗြိတိန်မှာရှိတဲ့ အကြီးကျယ်ဆုံး လက်ဝတ်ရတနာ လက်လီရောင်းချသူ ၄၀ ထံ စာရေးပြီး သူတို့ရောင်းချနေတဲ့ ကျောက်မျက်ရတနာတွေဟာ စစ်တပ်ရန်ပုံငွေတွေကို ဖန်တီးပေးနေတဲ့ မြန်မာ့အရင်းအမြစ် ကျောက်မျက်ရတနာတွေမဟုတ်တာကို သက်သေပြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုစာကို ရရှိပြီးတဲ့နောက်မှာတော့ TJC ကုမ္ပဏီက မြန်မာ့ပတ္တမြားရောင်းချမှုကို ရုပ်သိမ်းခဲ့ပြီး  ဘားမားကန်ပိန်းယူကေအဖွဲ့ထံသို ပြန်စာတစ်စောင်ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

TJC ရဲ့ အကြောင်းပြန်စာမှာတော့  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို မယူဖို့ တရားဝင် မူဝါဒ ချမှတ်ထားကြောင်းနဲ့ သူ့ရဲ့ ဝဘ်ဆိုဒ်မှာ ရောင်းချနေတဲ့ မြန်မာပတ္တမြားတွေဟာ မှားယွင်းစွာ ဖော်ပြထားမိတာဖြစ်ကြောင်း၊ အမှားကို သတိပြုမိတာနဲ့ ချက်ချင်း အလျင်အမြန် ဖယ်ရှားခဲ့ပြီး နောင်မှာ အလားတူထပ်မဖြစ်ဖို့ လုပ်ဆောင်ထားတယ်လို့  ရေးသားဖော်ပြထားပါတယ်။

TJCက “ပထမဆုံး မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေနဲ့ ကျင့်ဝတ်ဆိုင်ရာ တန်ဖိုးတွေကို မျှဝေခံစားဖို့ အာမခံပါတယ်။ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကြောင့် ကျနော်တို့ရဲ့ လက်ဝတ်ရတနာစာရင်းကနေ မြန်မာ့ကျောက်မျက်ရတနာတွေကို ဖယ်ထုတ်ဖို့ အသိစိတ်ရှိရှိ ဆုံးဖြတ်ချက်ချခဲ့ပါတယ်”လို့ ဆိုပါတယ်။

TJC ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကြိုဆိုတဲ့အကြောင်း  ဘားမားကန်ပိန်း ယူကေအဖွဲ့က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒီအဖွဲ့ရဲ့ ဒါရိုက်တာ မက်ခ်ဖာမာနာက “အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ မ၀ယ်ယူဖို့ TJC က တက်ကြွစွာ ဆုံးဖြတ်ခဲ့တာ အံ့သြစရာပါပဲ။ TJC ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရပ်တည်မှုအတွက် ချီးကျူးပါတယ်။ တခြား ဗြိတိသျှ လက်ဝတ်ရတနာ လက်လီရောင်းချသူတွေလည်း အလားတူ လုပ်ဆောင်နိုင်လိမ့်မည်လို့ မျှော်လင့်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက်မှာ မြန်မာစစ်တပ်ဟာ တစ်နှစ်ကို ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို လက်ဝါးကြီး အုပ်ထားပါတယ်။

စစ်တပ်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရဝန်ကြီးဌာနတွေကို ထိန်းချုပ်ကာ တရားဝင်ရော တရားမဝင်ပါ ကုန်သွယ်မှုပြုလုပ်နေပြီး စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ နယ်မြေတွေကိုလည်း ကုန်သွယ်ရေးလမ်းကြောင်း‌တွေ ထိန်းချုပ်ကာ မြန်မာစစ်တပ်ဟာ စစ်တပ်မိသားစုဝင်တွေရဲ့ စီးပွားရေးအကျိုးအမြတ်တွေကတဆင့် ကျောက်မျက်ရတနာလုပ်ငန်းက ဝင်ငွေတွေကို နည်းလမ်းမျိုးစုံနဲ့ ထုတ်ယူနေပါတယ်။

ဒီလိုရရှိလာတဲ့ငွေတွေကို မြန်မာစစ်တပ်က လက်နက်ကိရိယာတွေဝယ်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ရန်ပုံငွေတွေအနေနဲ့ အသုံးပြုနေတာဖြစ်တယ်လို့ ဘားမားကန်ပိန်းယူကေ အဖွဲ့က ဝေဖန် ထောက်ပြထားပါတယ်။

Source -Burma Campaign UK

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024