
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် အာဆီယံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ နောက်ဆုံး နှစ်သုတ်ကို လာမယ့် ဇွန် ၁၆ ရက်ကနေ ၂၂ ရက် အတွင်း ရေလမ်းကနေ ပို့ဆောင်သွားမယ်လို့ အာဆီယံက ကြေညာပါတယ်။
သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလူသားချင်းစာနာကူညီမှုညှိနှိုင်းဆောင်ရွက်ရေးဌာန (AHA Center) ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီအကူအညီတွေထဲမှာ ရိက္ခာမဟုတ်တဲ့ ပစ္စည်းတွေ၊ ရေနဲ့ မိလ္လာ သန့်ရှင်းရေးဆိုင်ရာပစ္စည်းတွေစတဲ့ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ပါဝင်ပြီး မြန်မာနိုင်ငံကိုတော့ ဇွန် ၂၀ ရက်နဲ့ ၂၇ ရက်တွေမှာ ရောက်ရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအကူအညီ ပထမအသုတ်ကိုတော့ ပြီးခဲ့တဲ့ မေ ၂၁ ရက်က မြန်မာနိုင်ငံဆီ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနဲ့ အကဲဖြတ်အဖွဲ့ (ASEAN-ERAT) ရဲ့ အကဲဖြတ်မှုအပေါ် အခြေခံပြီးတော့ ပြန်လည်ထူထောင်ရေးအဆင့်အတွက် ဖြစ်နိုင်ခြေရှိတဲ့ အထောက်အပံ့တွေ ပေးအပ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။
ASEAN-ERAT အနေနဲ့ ဘေးဒဏ်သင့်ဒေသတွေမှာ သူတို့ရဲ့ ကနဦးလိုအပ်ချက် အကဲဖြတ်ချက်တွေကိုတော့ ပြီးခဲ့တဲ့ မေ ၃၀ ရက်က အပြီးသတ်နိုင်ခဲ့ပြီး ဇွန် ၂ ရက်နေ့အထိ AHA Center ကနေ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မလေးရှားနိုင်ငံ ဆူဘန်းမြို့မှာရှိတဲ့ အာဆီယံရဲ့ သဘာဝဘေးအန္တရာယ် အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေး ဂိုဒေါင်ကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄ သန်းတန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို မြန်မာနိုင်ငံကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေအိမ်အဆောက်အအုံတွေ၊ လယ်ယာမြေတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးပြီးနောက် လူဦးရေ ၁ ဒသမ ၆ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ အပြင်းအထန် လိုအပ်နေတာပါ။
NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေ ဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာကတော့ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။