
ဘင်္ဂလားဒေ့ရှ်က ဝယ်လိုအားကောင်းနေတဲ့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းမှာ စိုက်ပျိုးတဲ့ ချင်း(ဂျင်း) တွေဟာ တပိဿာ ကျပ် ၇,၅၀၀ အထိ အမြင့်ဆုံးဈေး ရရှိနေတယ်လို့ ဇွန် ၆ ရက်နေ့မှာ အောင်ပန်းပွဲရုံထံက သိရပါတယ်။
နိုင်ငံခြားကို တောက်လျှောက်တင်ပို့နေတဲ့အတွက် ဝယ်လိုအားကောင်းပေမဲ့ ဒီနှစ်မှာ ချင်း(ဂျင်း) အထွက်နှုန်းတွေ ကျသွားလို့ ဝယ်ယူလိုသလောက် မရနိုင်တဲ့ အခြေအနေအထိ ရှိနေတယ်လို့ သိရပါတယ်။
အောင်ပန်းမြို့နယ်က ရှမ်းထိပ်တန်းပွဲရုံ တာဝန်ရှိသူ ဦးဝင်းမောင်က “ ချင်း(ဂျင်း)က အမြင့်ဆုံး ၇,၅၀၀ တဲ့၊ လက်ကျန်နည်းသွားတာရော၊ Export က ဆွဲနေတယ်လေ။ ဘင်္ဂလားဒေ့ရှ်က သွားနေတယ်၊ တောက်လျှောက် ပစ္စည်းကမလောက်တော့ဘူး၊ ခါးပြတ်နေတာပေါ့။ ဒီနှစ်က ပစ္စည်းပြတ်သွားတယ်ဆိုတာက ခါတိုင်းနှစ်ထက် အထွက်နှုန်းလျော့တာ၊ စိုက်အားကတော့ရှိတယ် များတယ်။ တယောက်ချင်းစီ စိုက်အားကများတယ်။ အရင်နှစ်လိုလောက် မထွက်တာ” လို့ ပြောပါတယ်။
အရင်နှစ် ချင်း(ဂျင်း)ဈေးက အနိမ့်ဆုံးဈေး ၂၅၀ ကျပ်ကနေ အမြင့်ဆုံး ၁,၅၀၀ ကျပ်အထိပဲ ရရှိခဲ့ပေမဲ့ အခုနှစ် မတ်လကစပြီး နိုင်ငံခြားတင်ပို့မှုရှိခဲ့တဲ့နောက် အမြင့်ဆုံးဈေး ၇,၅၀၀ ကျပ်အထိ မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။
ဟိုပုံးမြို့နယ် နောင်ယာဆိုင်းကျေးရွာမှ ချင်း(ဂျင်း) စိုက်တောင်သူတဦးက“ ချင်း(ဂျင်း) တခါစိုက်ရင် သုံးခါလောက် မြေဩဇာထည့်ပေးရပေမဲ့ မြေဩဇာဈေး တက်နေတာနဲ့ တခါပဲထည့်ရတယ်။ ဥက အရင်နှစ်လောက် မများတော့ဘူး။ အရင်နှစ်လောက် မရဘူးပေါ့နော်။ ဒါပေမဲ့ ဈေးရှိတော့ တောင်သူတွေအတွက် အဆင်ပြေတာပေါ့။ ဥနည်းပြီး ဈေးမကောင်းရင် ဒီစိုက်တဲ့သူတွေကပဲ ပင်ပန်းတယ်လေ၊ တောင်သူပဲငတ်မှာ”လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင် ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်-နောင်တရား၊ ရွာငံ-ရပ်စောက် ဟိုပုံးမြို့နယ်နဲ့ တောင်ကြီးမြို့နယ် အရှေ့ဘက် ပင်လုံမြို့နယ်တွေမှာ ချင်း(ဂျင်း) အများဆုံး စိုက်ပျိုးတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အခုနှစ် မေ ၁ ရက်မှ ၂၃ ရက်အထိ စစ်တွေမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ချင်း(ဂျင်း) တန်ချိန် ၈၀၊ အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၈ သန်းဖိုး တင်ပို့ထားနိုင်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းအရ သိရပါတယ်။