
မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်က တောင်သူလယ်သမားတွေအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလှူဒါန်းတဲ့ မျိုးစပါးအိတ်ရေ ၅,၀၀၀ ဟာ ရခိုင်ပြည်နယ်ကိုထွက်ခွာမယ့် ဘုရင့်နောင်ဆိပ်ကမ်းမှာ စစ်ကောင်စီက တားမြစ်ထားတဲ့အတွက် ပိတ်မိနေတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေထံကနေ သိရပါတယ်။
မုန်တိုင်းကြောင့် မျိုးစပါးတွေပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ မျိုးစပါးလိုအပ်ချက်ရှိနေပြီး လယ်သမားတွေ မိုးစပါး အချိန်မီစိုက်ပျိုးနိုင်ဖို့ တခြားဒေသက စပါးတွေကို မှာယူတင်သွင်းနေရတာဖြစ်ပါတယ်။
တနိုင်ငံလုံး စပါးစိုက်ဧက ၁၇ သန်းရှိတဲ့အနက် ထောက်ခံချက်ရရှိတဲ့ မျိုးစပါးစိုက်ပျိုးနိုင်တဲ့ ပမာဏက ၂ ရာခိုင်နှုန်းကျော်လောက်သာ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
စိုက်ဧကအကုန်လုံးမှာ ထောက်ခံချက်ရရှိတဲ့ မျိုးစပါး အသုံးပြုနိုင်ဖို့က စိုက်ပျိုးရေးဦးစီးဌာနမှာ လုံလောက်တဲ့ ဓာတ်ခွဲခန်းတွေ မရှိသေးပါဘူး။ ဒါကြောင့် မိုခါမုန်တိုင်းကြောင့် အရေးပေါ် မျိုးစပါးအဖြစ် အသုံးပြုမယ့် စပါးသယ်ဆောင်ရာမှာ စိုက်ပျိုးရေးဦးစီးဌာနရဲ့ မျိုးစေ့ဖြစ်ကြောင်း ထောက်ခံချက် မပါရှိတဲ့အတွက် အကောက်ခွန်ဦးစီးဌာနက သင်္ဘောပေါ်တင်ထားတဲ့ စပါးတွေကို ပြန်ချခိုင်းပြီး တားမြစ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဆန်စပါးမူဝါဒကို ၂၀၀၃ ခုနှစ်မှာ ပြောင်းလဲခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်း ဆန်စပါးသယ်ဆောင်ခွင့်ကို ခွင့်ပြုထားခဲ့ပြီး တရုတ်နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံ စိုက်ပျိုးထားတဲ့ စပါးတွေကို အဲ့ဒီနိုင်ငံကို ပြန်လည်သယ်ယူနေတာတွေ ရှိခဲ့ပါတယ်။
မုန်တိုင်းကြောင့် အတိဒုက္ခရောက်နေတဲ့ ရခိုင်ပြည်နယ်က တောင်သူလယ်သမားတွေ မိုးစပါး အချိန်မီ စိုက်ပျိုးနိုင်ဖို့ အများက ကူညီဝိုင်းဝန်းဆောင်ရွက်နေချိန်မှာ စစ်ကောင်စီက အခုလို တားမြစ်နေတာ ဖြစ်ပါတယ်။