မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ရန်ပုံငွေ ပဒေသာ ဖျော်ဖြေပွဲကို ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံမှာ ၃ ရက်ကြာ ကျင်းပသွားပါတယ်။
အဆိုပါ ရန်ပုံငွေပဒေသာဖျော်ဖြေပွဲမှာ ရန်အောင်၊ စိုးသူ၊ ရဲအောင်၊ ကျော်ရဲအောင်၊ ဖြိုးငွေစိုး၊နေထက်လင်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ကိုင်ဇာ၊ ခင်မောင်ထူး၊ ဂျက်မြသောင်း၊ မေသန်းနု၊ မေသဉ္စာဦး၊ ခိုင်နှင်းဝေ၊ ဆုမြတ်နိုးဦး၊ တခိုင်လုံးရွှေအေးအေးမြင့်၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ အိုင်ရင်းဇင်မာမြင့်၊ Lဆိုင်းဇီ၊ ရတနာမိုင်၊ ရဲလေး၊ စွမ်းဇာနည်၊ ရွှေမန်းချမ်းသာ၊ တင်မောင်ဆန်းမင်းဝင်း၊ အာဇာနည်စန်းစန်း စတဲ့ အနုပညာရှင်တွေက ဖျော်ဖြေတင်ဆက်ကြပါတယ်။
ရုပ်ရှင်သရုပ်ဆောင်အနုပညာရှင်တွေက မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အလှူငွေများလှူဒါန်းကြသလို ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရန်အောင်၊ ရဲအောင်၊ နေထက်လင်း၊ မေသန်းနု၊ မေသဉ္ဇာဦး၊ ခိုင်နှင်းဝေစတဲ့ အနုပညာရှင်တွေက အလှူရှင်ပရိသတ်တွေထံက လှူဒါန်းမှုကိုလည်း လက်ခံယူပေးခဲ့ကြပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ဒေသတွေရှိ ပြည်သူတွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့က အလှူငွေကျပ် သိန်း ၃၀၊ အကယ်ဒမီရွှေထူးနဲ့ အကယ်ဒမီ ရွှေမှုံရတီတို့က ကျပ် ၁၀ သိန်း၊ အကယ်ဒမီ စိုးမြတ်သူဇာက ကျပ်(၉၉၉၉၉၉) ၊ အကယ်ဒမီခန့်စည်သူနဲ့ ဓမ္မမိတ်ဆွေတွေက သိန်း ၅၀ ၊ ရန်အောင်က ၁၀ သိန်း၊ သရုပ်ဆောင် ထူးခန့်ကျော်က ကျပ် ၅၅ သိန်း၊ သရုပ်ဆောင် မိုးဟေကိုက ကျပ် ၁၀ သိန်းနဲ့ အကယ်ဒမီ မြင့်မြတ်က အလှူငွေ (၁၀)သိန်းကျပ်တိတိ လှူဒါန်းခဲ့ပါတယ်။
မေလ ၁၄ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကို ဦးတည်တိုက်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူရာနဲ့ချီသေဆုံးပြီး လူနေအိမ်ခြေသိန်းနဲ့ ချီပျက်စီးဆုံးရှုံးခဲ့ကာ လူပေါင်း ၁ သန်းခွဲလောက် မုန်တိုင်းဘေးဒဏ်ခံစားခဲ့ရတာဖြစ်ပါတယ်။
PHOTO-MMPO