
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေ ၂၉ ရက် နေ့လယ်က ရေမဆေးကျောက် လုပ်ကွက်တွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက်ရှာဖွေသူ အယောက် ၅၀ ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဆန်ခါကျေးရွာနဲ့ မော်မောင်းလယန်ကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီတွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ဘတ်ဟိုးမောင်းနှင်သူတွေ၊ ယမ်းကားမောင်းနှင်သူတွေ၊ လုပ်ကွက်ခေါင်းဆောင်တွေ အပါအဝင် ရေမဆေးကျောက်ရှာဖွေသူ ၅၀ ဦးထက်မနည်းကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေမဆေးကျောက်ရှာဖွေသူတဦးက “ကျောက်စိမ်းလုပ်ကွက်တွေကို စစ်တပ်က လက်နက်အပြည့်အစုံ အင်အား ၄၀ ကျော်လောက်နဲ့ ဝင်စီးတယ်။ အရပ်ဝတ်တွေကလည်း သေနတ်တွေလွယ်ပြီး ပါလာတယ်။ ဖမ်းတာကတော့ အကုန်သိမ်းကျုံးဖမ်းသွားတာ။ ဘတ်ဟိုးမောင်းသူတွေ၊ ယမ်းကားမောင်းသူတွေ၊ လုပ်ကွက်ခေါင်းဆောင်နဲ့ ရေမဆေးရှာသူတွေ ပါသွားတယ်။ ဈေးရောင်းနေတဲ့ အမျိုးသမီးတွေ၊ ကျောက်ပွဲစားတွေလည်း ပါတယ်။ အားလုံးပေါင်း အယောက် ၅၀ ကျော်လောက် ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နေမင်းကမ္ဘာ၊ မြန်မာ့တကောင်း၊ ကျော်နိုင်နဲ့ညီများ၊ တောက်ပကြယ် စတဲ့ ကုမ္ပဏီတွေကို ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက်ရှာဖွေသူ ၅၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး ကထန်ကျေးရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
ဖားကန့်မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို မေလအတွင်း မကြာခဏ ဖမ်းဆီးနေပြီး မေ ၄ ရက်က မှော်ဝမ်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား ၂ ယောက်ကိုဖမ်းဆီးခဲ့သလို မေ ၁၆ ရက်ကလည်း ခင်တောင်ကျေးရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံ အယောက် ၃၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် မေ ၂၅ ရက်ကလည်း လုံးခင်းကျေးရွာက တည်းခိုရိပ်သာတခုကို ဝင်ရောက်စီးနင်းပြီး တည်းခိုနေသူ အမျိုးသား ၅ ဦးထက် မနည်းကို ဖမ်းဆီးခဲ့ကာ မေ ၂၇ ရက်ကလည်း မော်မောင်းလယန် ကျောက်စိမ်းလုပ်ကွက်က ရေမဆေးရှာဖွေသူ ၂၅ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။