Home
မြန်မာသတင်း
ချိပ်ပိတ်ခံရသည့် မြန်မာ့ပို့ကုန် ပဲတန်ချိန် သောင်းချီကို တရုတ်ဘက်က လေလံပစ်မည်
DVB
·
May 31, 2023

မူဆယ်၊ ကျင်စန်းကျော့နဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ်၊ ဝမ်တိန်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကစ ချိပ်ပိတ်ခံရတဲ့ မြန်မာ့ပို့ကုန်ပဲတွေ တန်ချိန် သောင်းချီကို တရုတ်ဘက်က လေလံပစ်တော့မယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

နယ်စပ်ကုန်သည် လုပ်ငန်းရှင်တဦးက “ဒီလေလံတင်မယ့်ဟာတွေ စာတွေထွက်ထားပြီ။ သူတို့က ကုန်သည်တွေကို မင်းတို့ပစ္စည်းလို့ မပြောနဲ့တဲ့။ ပြောရင် မင်းတို့ကို ဖမ်းမှာလို့ ခြိမ်းခြောက်နေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဘက်က ကုန်သည်တွေအနေနဲ့ ကိုယ့်ရဲ့ကုန်တွေ ပြန်ရချင်လို့ စာတွေတင်ထားပေမဲ့ သက်ဆိုင်ရာအနေနဲ့ ဘာမှ ညှိနှိုင်းပေးတာမျိုး မရှိဘူးလို့ ပြောပါတယ်။

အဲဒီ တရုတ်နယ်စပ် ဝမ်တိန်မှာ ချိပ်ပိတ်ခံရတဲ့ တင်ပို့ကုန် ပဲမျိုးစုံနဲ့ပတ်သက်လို့ မေ ၃၀ ရက် မနက် ၉ နာရီလောက်ကစပြီး မန္တလေးကုန်စည်ဒိုင်မှာ သတင်းစာရှင်းလင်းပွဲ လုပ်တယ်လို့ ဆိုပါတယ်။

“မြန်မာတွေရဲ့ ပစ္စည်းတော့ ရှုံးပြီလေ။ ပြောလည်း မပေးဘူးလေ။ သူတို့ပြောတော့ နှစ်နိုင်ငံက ကုန်သွယ်မှု မှားနေပြီဆိုတော့ ဒီ Border Trade လုပ်တာလည်း မှားနေပြီလေ။ ... ကျနော်တို့ မြန်မာနိုင်ငံဘက်ကလည်း အင်အားကောင်းရမယ်လေ။ အင်အားမရှိရင်တော့ ခက်တယ်” လို့ နောက်ထပ် နယ်စပ်လုပ်ငန်းရှင်တဦးက ရှင်းပြပါတယ်။

လေလံတင်ခွင့်ရထားတဲ့ ကုမ္ပဏီပိုင် ပဲတွေကိုတော့ လေလံပစ်တော့မှာဖြစ်ပြီး လက်ရှိမှာတော့ မူဆယ်နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်ဘက် ပဲတွေတင်ပို့မှု ရပ်ဆိုင်းနေကြောင်း ပို့ကုန်လုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။

“ပဲတီစိမ်းနဲ့ တခြားပဲမျိုးစုံ ရွှေလီ အကောက်ခွန်က မကြာမီ လေလံချပေးပါတော့မယ်။ အခုအခြေအနေကတော့ ပဲမျိုးစုံ Export ရပ်နေပါတယ်” လို့ သူက ပြောပါတယ်။

အဲဒီပဲတွေဟာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေးတံခါးပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ကနေ တရုတ်နယ်စပ် မန့်မန်း၊ ဝမ်တိန် ကုန်သွယ်ရာ လမ်းကြောင်းကနေ တင်ပို့ထားတဲ့ မြန်မာ့ပို့ကုန် ပဲတန်ချိန် ၂၀,၀၀၀ ခန့်ဖြစ်ပြီး တရုတ်ငွေ ယွမ် သိန်း ၂,၀၀၀ ကျော်ဖိုး (မြန်မာငွေ ကျပ်သိန်း ၉၈၀,၀၀၀ ခန့်) ရှိတယ်လို့ ဆိုပါတယ်။

လတ်တလော ‌မူဆယ်နယ်စပ်က ငွေလဲလှယ်နှုန်းမှာ တရုတ်ငွေ ၁ ယွမ်ကို မြန်မာကျပ် ၄၁၉ ဝန်းကျင် ပေါက်ဈေးရှိနေတာပါ။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုစနစ်ကို တရုတ်ဘက်က Border Trade ကနေ Normal Trade စနစ်ကို အဆင့်မြှင့်တင် ပြောင်းလဲနေတာဖြစ်ပေမဲ့ ပဲတင်ပို့ကုန်ကိုတော့ အရင်ကတည်းက ဂျူတီဆောင်ပြီး တင်ပို့ဖို့ အခက်အခဲဖြစ်တာတွေကြောင့် တရုတ်ဘက်က ဒေသထွက်ကုန် အနေနဲ့ ခွင့်ပြုထားကာ Border Trade စနစ်နဲ့ လက်ခံနေတာ နှစ်ပေါင်း ၂၀ ခန့် ရှိနေပြီလို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

“သူတို့ ဌာနဆိုင်ရာ Customs တွေစစ်ပြီး ဝင်လာတာ ဘယ်နှနှစ်တောင် ရှိပြီလေ။ ဒီလို မှားတာက သူတို့ ဌာနဆိုင်ရာတွေကိုပဲ အရေးယူရမှာလေ။ ... ငှက်ကလေးကို ခြင်ထောင်နဲ့ ဖမ်းသလို ဖြစ်နေတယ်” လို့ နယ်စပ် ကုန်တင်ယာဉ်ပိုင်ရှင်တဦးကလည်း ပြောပါတယ်။

ကုန်ပစ္စည်းတွေကိုတော့ နယ်စပ်ကုန်သည်တွေ တတ်နိုင်သမျှ ညှိနှိုင်းပေမဲ့ ပြန်မပေးတော့တာကြောင့် နစ်နာဆုံးရှုံးသွားပြီဖြစ်ကာ ချိပ်ပိတ်ခံခဲ့ရတဲ့ ပဲလုပ်ငန်းရှင်တွေထဲမှာ မြန်မာလုပ်ငန်းရှင်တွေရဲ့ ကုန်အများဆုံးဖြစ်ပြီး လက်ရှိမှာတော့ တရုတ်ဘက်က ကုမ္ပဏီပိုင်ရှင် ၂ ဦးနဲ့ မြန်မာလုပ်ငန်းရှင်တွေရဲ့ ကိုယ်စားလှယ် ၁ ဦးကိုတော့ တရုတ်ဘက်က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာလည်း တရုတ်ဘက်ခြမ်း နယ်စပ်မြို့တွေမှာ ဖွင့်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့်ရာချီ ပိတ်သိမ်းခံခဲ့ရကာ များစွာ နစ်နာဆုံးရှုံးခဲ့ဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024