
ပြီးခဲ့တဲ့ ဇန်နဝါရီကနေ မေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးဖြစ်သူ ၁၇၀၀ ကျော်ရှိခဲ့ပြီး ၇ ယောက်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာန အစည်းအဝေးကနေ သိရပါတယ်။
နေပြည်တော်မှာ မေ ၂၉ ရက်နေ့ကလုပ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ကောင်စီရဲ့ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ အဖြစ်များတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ မေ ၂၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်သူပေါင်း ၁၇၁၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ တနှစ် လူဦးရေ သန်း ၄၀၀ လောက် သွေးလွန်တုပ်ကွေးရောဂါ ကူးစက် ဖြစ်ပွားနေပြီး မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့မှာ အများဆုံးဖြစ်ပွားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့ အသက်အရွယ်ကို လေ့လာ သုံးသပ်ချက်အရ အရင်က အသက် ၁၅ နှစ်အောက်မှာ ဖြစ်တာများပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကစလို့ အသက် ၁၅ နှစ်အထက်တွေမှာလည်း အဖြစ်များလာတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်တုန်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်သူ ၁၅,၁၃၁ ယောက်နဲ့ သေဆုံးသူ ၆၈ ယောက်၊ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားသူ ၅,၄၄၆ ယောက်နဲ့ သေဆုံးသူ ၃၆ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ဖြစ်ပွားသူ ၂၄,၉၇၁ ယောက်နဲ့ သေဆုံးသူ ၉၇ ယောက်ရှိခဲ့ပြီး သေဆုံးမှုနှုန်းအနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုများမနေဘူးလို့လည်း စစ်ကောင်စီဝန်ကြီးက ပြောပါတယ်။
ဒီဗွီဘီမှာရှိနေတဲ့မှတ်တမ်းတွေအရတော့ ၂၀၁၉ ခုနှစ်တုန်းက တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးကြောင့် လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပြီး ၂၀၁၈ ခုနှစ်တုန်းကတော့ တနိုင်ငံလုံးမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါအတွက် ထိရောက်တဲ့ ကာကွယ်ဆေးမရှိသေးသလို ကုသဖို့လည်း ဆေးမရှိသေးဘဲ ပိုးသယ်ဆောင်တဲ့ အေဒီးစ်ခြင်ကျား အကိုက်မခံရအောင် ကာကွယ်ရမှာဖြစ်သလို ခြင်ကျားတွေကို နှိမ်နင်းဖို့လိုအပ်ပါတယ်။
ဒီရောဂါဟာ မိုးရာသီမှာ အဖြစ်များပေမယ့် တချို့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တနှစ်ပတ်လုံး ဖြစ်တတ်ပါတယ်။ ပြီးတော့ သွေးလွန်တုပ်ကွေးဟာ ရာသီ အကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးလက္ခဏာတွေနဲ့ မကွာခြားလို့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
စိုးရိမ်ရတဲ့ လက္ခဏာတွေကတော့ ၂ ရက်ကနေ ၇ ရက်လောက်အထိဖျားပြီး ဂနာမငြိမ် ဖြစ်တာ၊ မှိန်းတာ၊ ခြေလက် အေးစက်တာ၊ အစာ/ရေ မဝင်လောက်အောင် အန်တာ၊ ကော်ဖီရောင်အရည် အန်တာ၊ ဝမ်းမည်းမည်းသွားတာ၊ ကိုယ်ပူချိန်ရုတ်တရက် ကျသွားတာတွေဖြစ်ပြီး ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့ လိုအပ်ပါတယ်။