
စစ်ကောင်စီတပ်တွေဟာ ဧပြီနောက်ဆုံးပတ်ကစပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်နေတာကြောင့် မီးဖွားဖို့ ဆေးပေးခန်းကို ရောက်နေသူအပါအဝင် အမျိုးသမီး ၂ ယောက်နဲ့ ကလေး ၁ ယောက် သေဆုံးကာ အနည်းဆုံး ၁၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ရရှိထားတဲ့ ဧပြီနောက်ဆုံးပတ်ကနေ မေ ၂၈ ရက်အထိ အခြေအနေတွေကို ဒီနေ့ ထုတ်ပြန်လာတာဖြစ်ပြီး ဧပြီ ၂၅ ရက်က တိုက်ပွဲမရှိဘဲ ဖယ်ခုံမြို့နယ်၊ ဆောင်ဖွေးကျေးရွာရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဆေးပေးခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် မီးဖွားဖို့ရောက်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် သေဆုံးပြီး သူနာပြု ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၂၆ ရက်ကတော့ မိုးဗြဲမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ညနေပိုင်းမှာ အမြောက်တပ်တွေကနေ မိုးဗြဲမြို့ထဲကို ပစ်ခတ်တာကြောင့် စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ညောင်ဝိုင်းဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးတပါး ဒဏ်ရာရခဲ့ပါတယ်။
နောက်တနေ့ ၂၇ ရက်နေ့မှာ ဖယ်ခုံအမြောက်တပ်က ပစ်လိုက်တဲ့ကျည်ဟာ ဖယ်ခုံမြို့နယ်၊ ကုရင်ရွာကို ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၃ ယောက် ဒဏ်ရာရခဲ့သလို မေ ၂ ရက်နေ့မှာလည်း တိုက်ပွဲမရှိဘဲ အမြောက်တပ်က ပစ်ခတ်ခဲ့တာကြောင့် လအိကျေးရွာက အိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မေ ၅ ရက်ကနေ ၈ ရက်အထိ ဖယ်ခုံနဲ့ ပင်လောင်းမြို့ နယ်စပ်တလျှောက်ကို လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ကျေးရွာ ၃ ခုက အိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
မေ ၆ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လန်းကောရွာက အသက် ၁၀ နှစ်အရွယ် ကလေးတယောက် အပါအဝင် ပြည်သူ ၃ ယောက် ဒဏ်ရာရခဲ့သလို ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မေ ၂၇ ရက်ကတော့ မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေကို ရဟတ်ယာဉ်နဲ့ပစ်ခတ်တာ၊ ဗုံးကြဲတာတွေ လုပ်ခဲ့တာကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး အရပ်သား ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ညနေပိုင်းမှာတော့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် စည်ကားရပ်ကွက်က အသက် ၃ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးပြီး မိုးဗြဲမြို့ပေါ်က အိမ်တချို့လည်း မီးလောင် ပျက်စီးခဲ့ပါတယ်။
မေ ၂၈ ရက်မှာ ခမရ ၄၂၂ နဲ့ လွိုင်ကော်အမြောက်တပ်တို့က မိုးဗြဲက စစ်ဘေးရှောင်စခန်းတွေကို ပစ်ခတ်ခဲ့တာကြောင့် ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ ပင်လောင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်တို့မှာ လှုပ်ရှားနေပြီး တိုက်ပွဲတွေ ပြင်းထန်နေသလို လေကြောင်းကလည်း တိုက်ခိုက်နေတာကြောင့် ဒေသခံ ရာပေါင်းများစွာဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။