
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ ထင်းရှူးဆီရှာသူတွေ အရင်ကထက် များလာတာကြောင့် ထင်းရှူးပင်တွေ နေ့စဥ် အများအပြား ပျက်စီးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ထင်းရှူးဆီရှာတဲ့သူတွေဟာ အပင်ကြီးတွေကနေ ထင်းရှူးဆီကို ထုတ်ယူတာဖြစ်ပြီး အပင်ကို အပေါက်ဖောက် မီးရှို့ရတာကြောင့် ထင်းရှူးဆီထုတ်ပြီးတဲ့ အပင်တွေဟာ တလအတွင်း လဲကျပြီး ပျက်စီးသွားတယ်လို့ အဆိုပါဒေသခံက ပြောပါတယ်။
ကလောမြို့မှာ ထင်းရှူးဆီ အသေးတစည်းကို မြန်မာငွေ ၃၀၀ ကျပ်နဲ့ ရောင်းချပြီး ထင်းရှူးပင် အပင်ကြီးတပင်လုံး ကုန်အောင် ထင်းရှူးဆီထုတ်ပြီး ရောင်းရင်လည်း ငွေကျပ် ၁၀,၀၀၀ ပြည့်အောင် မရဘူးလို့ ထင်းရှူးဆီရှာသူတွေက ပြောပါတယ်။
ထင်းရှူးပင်တွေနဲ့ သစ်တောတွေ လျော့နည်းလာတာကြောင့် ကလောမြို့မှာ အရင်ကလို ရာသီဥတု အေးချမ်းတာမျိုး သိပ်မရှိတော့ဘဲ အပူချိန်တိုးလာတယ်လို့ ကလောမြို့ကို သွားရောက်လည်ပတ်သူတွေဆီက သိရပါတယ်။
ကလောမြို့မှာ သဘာဝထင်းရှူးပင်တွေအပြင် စစ်တပ်က အကွက်ရိုက်ပြီး စာရင်းအတိအကျနဲ့ စိုက်ပျိုးထားတဲ့ စီးပွားရေး ထင်းရှူးခြံတွေလည်း ရှိပြီး အဲ့ဒီနေရာတွေမှာတော့ စစ်တပ်က လုံခြုံရေးချထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ကလောမြို့ကို ခရီးသွားမြို့အဖြစ် အကောင်အထည်ဖော်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ ပိုမိုလုပ်ဆောင်ဖို့ ကလောမြို့က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။