Home
မေးမြန်းခန်း
“တောင်သူတွေ လယ်စိုက်နိုင်အောင် လုပ်ပေးသင့်တယ်”- မိုခါမုန်တိုင်းသင့် ရခိုင်တောင်သူ ၁ ဦးနှင့် မေးမြန်းချက်
DVB
·
May 30, 2023

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က စပါးစိုက်တောင်သူတွေဟာ လယ်ယာလုပ်ငန်းခွင် ဝင်ချိန်ရောက်လာပြီဖြစ်ပေမဲ့ ပြိုပျက်သွားတဲ့ နေအိမ်တွေကို ပြန်ပြင်နိုင်ဖို့ ကြိုးစားနေရတာကြောင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး။

မုန်တိုင်းကြောင့် အခြေခံအဆောက်အဦတွေအပိုင်းမှာ ပျက်စီးတာ ပိုပြီးများပြားခဲ့လို့ ရခိုင်ပြည်နယ်က တောင်သူတွေဟာ လယ်ယာစိုက်ပျိုးစရိတ်နဲ့ မျိုးစပါးအခက်အခဲလည်း ရှိနေပါတယ်။ မုန်တိုင်းအလွန် ရခိုင်ပြည်နယ်က တောင်သူတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျောက်တော်မြို့နယ်က လယ်သမားတဦးကို ဒီဗွီဘီသတင်းထောက် မကလျာက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အစ်ကိုတို့လယ်က အခု ဘယ်မြို့နယ်၊ ဘယ်ရွာမှာရှိတာလဲ။ နွေရောစိုက်လား။ မိုးတသီးပဲလား။

ဖြေ။ “ကျနော်က ကျောက်တော်က။ ဂါဘူးရွာ၊ အောက်ဂါဘူးမှာ လယ်လုပ်တယ်။ ဧက ၂၀၀ လယ်လုပ်တယ်။ နွေကတော့ နည်းနည်းစိုက်တယ်။ ကျနော်က ဧက ၁၀၀ စိုက်တယ်။ နွေစပါးလေ။”

မေ။ ပြီးခဲ့တဲ့နွေမှာ ထွက်လာတဲ့ မျိုးစပါးရော၊ စားစပါးရော မုန်တိုင်းနဲ့ပါသွားတဲ့ သဘောပေါ့နော်။

ဖြေ။ “ထွက်လာတဲ့ဟာကတော့ ဘယ်လိုပြောရမလဲဆိုရင် မုန်တိုင်းက တဝက်တော့ ရိတ်လိုက်ရတယ်။ တဝက်ကတော့ ၅၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားတယ်။ ကျန်တဲ့တဝက်ကတော့ အသီးတွေကြွေသွားတယ်။”

မေး။ ဒီမုန်တိုင်းမှာ စပါးတွေ ထိသွားသေးတာလား။ နွေစပါးစိုက်ဧက ဘယ်လောက်လောက်ရှိလဲ။

ဖြေ။ “ထိသွားတယ်။ မုန်တိုင်းပြီးမှ ရိတ်ရတယ်လေ။ ၅၀ ရာခိုင်နှုန်းပါပဲ။ ကျောက်တော်မှာက ဧက ၅၀၀ လောက် စိုက်တယ်။ မြောက်ဦးမှာတော့ ဧက ၃၀၀၊ ၄၀၀ လောက် စိုက်မယ်ထင်တယ်။ ဧက ၇၀၀၊ ၈၀၀ လောက်ပဲ စိုက်မယ်ထင်တယ်။ ဒီနားက။”

မေး။ အဓိက လာမယ့် မိုးစပါးရာသီဆိုရင် ဘာမျိုးတွေ စိုက်တာများလဲ။

ဖြေ။ “အခု ကျနော်တို့ဆီမှာ ကျောက်တော်၊ မြောက်ဦးမှာ အိန္ဒိယရှည်ဆိုတာ စိုက်တယ်။ သုခပေါ့။ သုခလို့လည်း ခေါ်တာပေါ့။ နောက် ပေါ်ဆန်းရင်စိုက်တယ်။ ပေါ်ဆန်းမွေှးပေါ့။ အဲ့မျိုးကို အဓိကစိုက်တယ်။ နောက် သက်ရင်ကတော့ ရက်တရာသဘော စိုက်ကြတယ်။ များသောအားဖြင့် သုခနဲ့ ပေါ်ဆန်းရင်စိုက်တယ်။”

မေး။ လာမယ့်မိုးစပါးမှာ စိုက်ပျိုးဖို့အတွက် အစ်ကိုတို့ လယ်ယာလုပ်ငန်းလိုအပ်ချက်တွေ ဘာတွေရှိမလဲရှင့်။ အခြေအနေတွေကရော စိုက်နိုင်ပျိုးနိုင်တဲ့ အခြေအနေတွေကရော ဘယ်လိုရှိပါလဲရှင်။

ဖြေ။ “လူတွေက အိမ်လည်းပျက်တယ်၊ လယ်လည်းပျက်တယ်၊ တချို့နေရာတွေမှာ ကျွဲ၊ နွားတွေလည်း သေဆုံးတယ်ဆိုတော့ လယ်ယာကဏ္ဍကိုလုပ်ဖို့က လူတွေက တော်တော်လေးကို စိတ်ပျက်နေကြတယ်။ နောက်တခုက လူတွေက စားဝတ်နေရေး အခက်အခဲရှိတယ်။ စပါးစိုက်ဖို့၊ အပင်တွေစိုက်ဖို့အတွက် လယ်စိုက်မယ်ဆိုရင် ဓာတ်မြေသြဇာတို့ လိုတယ်။ မျိုးစပါး၊ မျိုးစပါးလည်း အခက်အအခဲရှိကြတယ်။ မိုးရွာပြီးတော့ လေတိုက်ပြီးတော့ စပါးကျီတွေ ပါသွားတယ်။ အဲ့ဒီမှာနေပြီးတော့ ရေလွှမ်းပြီးတော့ မျိုးစပါးတွေလည်း အခက်အခဲရှိကြတယ်။ ရှိကြတယ်ဆိုတော့ အဲ့ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတော့ ဖြစ်နိုင်ရင် မျိုးစပါးတွေကို ပေးရင်ကောင်းတယ်။ နောက်တခုက သွင်းအားစု ဓာတ်မြေသြဇာတွေကို ဖြစ်နိုင်ရင် အကြွေးစနစ်နဲ့ဖြစ်ဖြစ် တောင်သူတွေ လယ်စိုက်နိုင်အောင် လုပ်ပေးသင့်တယ်။ နောက်ပြီးတော့ ထွန်ယက်ရေး အပိုင်းမှာကလည်း ကုန်ခဲ့တဲ့နှစ်တွေကဆိုရင် ဒီအချိန်မှာ လူတွေက ထွန်ယက်နေကြပြီ။ မိုးကြိုခံကြတယ်။ အခုက ဘယ်သူမှ မထွန်သေးဘူး။ မထွန်သေးဘူး၊ မိုးကြိုလည်း မထွန်သေးဘူး။ စက်တွေလည်း အဆင်သင့်မဖြစ်သေးဘူး။ ကိုယ့်ရဲ့ စားဝတ်နေရေးကိုပဲ လုံးပန်းနေကြတာလေ။ အဲ့ဒီတော့ ထွန်ယက်မှုကိုလည်း ဘယ်လိုကူညီရမလဲဆိုတာ တာဝန်ရှိတဲ့သူတွေက အစည်းအဝေးတရပ်ခေါ်ပြီးတော့ အချက်အလက်တွေကို ဒေတာ ကောက်ခံသင့်တာပါ။ ကျနော့်အမြင်ကို ပြောတာပါ။”

မေး။ လက်ရှိ လာမယ့်မိုးရာသီမှာ သီးနှံစိုက်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ လာရောက် မေးမြန်းတာမျိုး ဒီအခြေအနေတွေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ “အဲ့ဒါတော့ ဘယ်သူမှ လာမမေးသေးဘူး။ သတင်းဌာနတွေကပဲ မေးကြတယ်လေ။ လယ်စိုက်ဖို့ ဘယ်လိုကူညီရမလဲဆိုတာ တာဝန်ရှိတဲ့သူက အစည်းအဝေးခေါ်တာပဲဖြစ်ဖြစ်၊ နောက်ပြီးတော့ ကျေးရွာအရောက် ကွင်းဆင်းလို့ပဲဖြစ်ဖြစ်၊ နောက်ပြီးတော့ ကျေးရွာ တရွာနှစ်ရွာက တယောက်နှစ်ယောက်ကို ခေါ်ယူပြီးတော့ ဘယ်လိုအခက်အခဲတွေရှိလဲ၊ ဘာလိုလဲ အဲ့လိုလုပ်သင့်တယ်လို့ မြင်တယ်။”

မေး။ မုန်တိုင်းတိုက်သွားတဲ့အတွက် အစ်ကို့လယ်ယာမြေထဲမှာ အပင်တွေလဲတာမျိုး၊ ဆားငန်ရေဝင်တာမျိုးတို့ ကွင်းအပျက်အစီး၊ မြေဆီလွှာပျက်စီးတာမျိုးပေါ့နော်၊ ဒါတွေရော ရှိပါလား။

ဖြေ။ “ရှိတယ်။ အဲ့ဒါတော့ ပင်လယ်နဲ့နီးစပ်တဲ့ နေရာတွေမှာတော့ရှိတယ်။ ကျနော်တို့ ကျောက်တော်ကတော့ ပင်လယ်နဲ့ဝေးတော့ သိပ်မရှိဘူး။ ဒါပေမဲ့ မြေပုံဘက်တို့၊ စစ်တွေဘက်တို့မှာတော့ ပင်လယ်နဲ့ နီးစပ်တယ်လေ။ အဲ့ဆားငန်ရေဝင်တဲ့ ပင်လယ်နဲ့နီးတဲ့ နေရာတွေမှာတော့ ရှိကြတယ်။ အဓိကကတော့ ကျနော်ပြောချင်တာက လယ်စိုက်ဖို့အတွက် အင်အားက မရှိတော့ဘူး။ လယ်စိုက်မယ်ဆိုရင် အရင်းအနှီးမရှိဘဲနဲ့ စက်နဲ့ထွန်ဖို့၊ ဆီလိုတယ်၊ ဓာတ်မြေသြဇာတွေလိုတယ်၊ မျိုးစပါးတွေလိုတယ်၊ နောက်ပြီးတော့ အလုပ်သမားငှားဖို့ ပိုက်ဆံလိုတယ်။ အဲ့ဒီမှာတွေက အဆင်သင့်မဖြစ်သေးဘူး၊ အခုအချိန်မှာလေ။ ကုန်ခဲ့တဲ့နှစ်ကတော့ ဒီအချိန်မှာလေ၊ အဆင်သင့်ဖြစ်ပြီ။ အခုတော့ အဆင်သင့်မဖြစ်သေးဘူး။ ကိုယ့်အိမ်ကိုယ်ကို ပြိုတာပျက်တာကို ပြင်နေတာနဲ့ပဲ အချိန်က ကုန်သွားတာပေါ့။ လေဒဏ်ကြောင့်လေ။”

မေး။ ကျန်ခဲ့တဲ့ မိုးစပါးမှာ ဘယ်ဈေးရခဲ့ပါလဲ။

ဖြေ။ “ဒီနှစ်တော့ တော်တော်ရတယ်။ ကုန်ခဲ့တဲ့မိုးမှာ အခုရောင်းနေကြတယ်။ ဈေးရတယ်။ တင်းတရာကို နှစ်ဆယ့်ငါးသိန်းလောက် ရတာပေါ့။ အကြမ်းက ၁၈ သိန်း၊ ၁၉ သိန်းလောက်ရတယ်။”

မေး။ စပါးဈေးကောင်းတော့ တောင်သူကလည်း မိုးတသီးက အချောလည်းစိုက်လို့ရတော့ အားထားရတာပေါ့။ ဒီတော့ မုန်တိုင်းကလည်း ဖြစ်နေတယ်။ တောင်သူနေတဲ့တဲတောင် မကျန်ဘူး၊ နောက် ကျွဲနွားလည်း ပျက်စီးတယ်။ လယ်လုပ်ကိရိယာလည်း ပျက်စီးတယ်။ အဲ့ဒီခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ။ “ပေါင်လယ်လောက်နစ်တဲ့ နေရာတွေမှာတော့ ရေမြုပ်နေမှာပေါ့။ ဒါပေမဲ့ ပင်လယ်နဲ့ နီးတဲ့ နေရာတွေလေ၊ စက်တွေပါသွားတယ်လို့ ပြောသံမကြားဘူး။ ဒါပေမဲ့ စက်ရဲ့ သဘောတရားက အခုဆိုရင် စက်တွေပြင်နေပြီ။ ပြင်ရတော့မယ်။ တမိုးလုံး ထွန်ထားတာကို တနွေလုံး ပိတ်ထားတယ်ဆိုတော့။ ဒါပေမဲ့ အဲ့ဒီလုပ်ဖို့တောင်မှ ပိုက်ဆံကမရှိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကိုပြင်ရတယ်။ အမိုးတွေကို မိုးရတယ်။ လယ်လုပ်ဖို့ထားတဲ့ ပိုက်ဆံတွေက အိမ်မှာ အမိုးမိုးတဲ့ထဲမှာ ကုန်သွားတာပေါ့။ ကုန်သွားတော့ လယ်လုပ်ဖို့ကို စိတ်ဝင်စားဖို့ မရှိတော့ဘူး။ လယ်ကနောက်ကျမယ်။ ဒီနှစ်က။ တခါတည်းဆိုရင် အခုလောက်ဆိုရင် မိုးကြိုထွန်တယ်။ ဇွန်မှာ စပါးစေ့ချတယ်။ အခုက မိုးကြိုကို မထွန်ရသေးဘူး။ ဇွန် ၁၅၊ ၁၆ လောက်မှ စပြီးတော့ လယ်ထွန်ရမယ်ဆိုတယ်။ စပါးစိုက်တာ နည်းနည်းနောက်ကျသွားနိုင်တာပေါ့။ နောက်တခုက သွင်းအားစုတွေကို သိပ်မထည့်နိုင်ကြဘူး။ ထည့်နိုင်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကုန်ခဲ့တဲ့နှစ်က စပါးမရဘူး။ စပါးတွေ တော်တော်လေးကို အထွက်နည်းတယ်။ စပါးက ငါးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ကို အထွက်နည်းတာလေ။ အထွက်နည်းတော့ ဒီနှစ်က လူတွေ ဝမ်းစာမရှိကြဘူး။ အဲ့ဒါသေချာတယ်။ နောက်ပြီးတော့ ရောင်းဖို့လည်း စပါးမရှိကြဘူး။ နောက်နှစ်ဆိုရင် စပါးကို၊ ကုန်ခဲ့တဲ့နှစ်က မိုးစပါးကိုရောင်းတယ်။ ဒီနှစ် မိုးစပါးကိုလုပ်တယ်။ အဲ့လိုလုပ်ကြတာကိုး။ ဒီနှစ်ကတော့ မိုးစပါးလည်း ရောင်းဖို့မရှိဘူး။ ဒီနှစ်က။ လေကတိုက်တော့ ပိုဆိုးသွားတာပေါ့။ မကုန်သင့်တဲ့ဟာတွေ အပိုကုန်သွားတာပေါ့။”

မေး။ ပျိုးထောင်ကောက်စိုက်တာလား၊ ကြဲခင်းလား။

ဖြေ။ “ကြဲခင်းများတယ်။ ကျနော်တို့ ကြဲခင်းများတယ်။ ရခိုင်မြောက်ပိုင်းက ကြဲခင်းများတယ်။ တောင်ဘက်က စိုက်ကြတယ်။ ရမ်းဗြဲတို့၊ ကျောက်ဖြူတို့ဆိုရင် စိုက်ကြတယ်။ ဒါပေမဲ့ အဲ့ထဲမှာက သီးထွက်နည်းတယ်။ လယ်လည်းနည်းတယ်။ အဓိက ကျောက်တော်၊ မြောက်ဦး၊ မောင်တောမြို့က ရခိုင်ပြည်နယ်ရဲ့ လယ်ယာကဏ္ဍကို ထိန်းထားတာပေါ့။ စားနပ်ရိက္ခာကို။”

မေး။ တခုက မျိုးစပါးလို့ပြောတယ်။ တကယ်ကိုပဲ ရခိုင်ပြည်နယ်ရဲ့ စပါးကျီလို့ ပြောလို့ရတဲ့ မြောက်ပိုင်းတကြောက မုန်တိုင်းတိုက်သွားလို့ မျိုးစပါးကအစ ပါသွားတယ်။ ဆိုတော့ ဒီဒေသကို Cover ဖြစ်ဖို့အတွက် မျိုးစပါးပေါ့နော်၊ တခြားတောင်ပိုင်းဒေသက မျိုးစပါးတွေကို ယူသွင်းနိုင်တဲ့ အနေထားရှိမလား၊ အဲ့လိုယူသွင်းနိုင်ရင်ရော စိုက်လို့ အဆင်ပြေနိုင်မလား။

ဖြေ။ “တောင်ပိုင်းဒေသက ဘယ်လိုပြောမလဲဆိုတော့ သူတို့မှာက လယ်စိုက်တယ်ဆိုတာ တယောက်ကို တဧက၊ နှစ်ဧက၊ သုံးဧကလောက်ပဲ စိုက်ကြတယ်။ ဆိုတော့ သူတို့ဆီကမျိုးက သူတို့ဆီမှာလည်း သိပ်မရှိကြဘူး။ မရှိဘူး။ မရှိကြဘူးဆိုတာ ကုန်ခဲ့တဲ့နှစ်က တောင်ပိုင်းတခုလုံးလည်း စပါးမရဘူး၊ မြောက်ပိုင်းတခုလုံးလည်း စပါးမရဘူး။ ကုန်ခဲ့တဲ့ နှစ်ကလေ။ ကျနော်တို့ဆိုရင် တင်းတရာသီးနေတဲ့ အကွက်တွေက တင်းငါးဆယ်လောက်ပဲ သီးတယ်။ ကုန်ခဲ့တဲ့နှစ်ကလေ။ ဒါ ကျနော်တို့က ရသေးတယ်။ ကျနော်တို့က စပါးအရဆုံး။ တချို့ဆိုရင် နှစ်ဆယ့်ငါးတင်း၊ တင်းသုံးဆယ်သီးတဲ့လူ တော်တော်များတယ်။”

မေး။ ဆိုတော့ အခု မျိုးလိုအပ်ချက်ပေါ့နော်။ ပေါ်ဆန်းကတော့ တပြည်လုံးစိုက်ကြတာပဲ။ ဒါပေမဲ့ ၂၀၁၅ မှာ အိုမန်မုန်တိုင်းဖြစ်တုန်းက တခြားဒေသက မျိုးစပါးတွေ ယူစိုက်တော့ အပင်ဖြစ်ပြီး အသီးမဖြစ်ဘူးလို့ပြောတယ်။ မျိုးစပါးကူညီမယ့် အနေအထားမှာ မျိုးနဲ့ပတ်သက်ပြီးတော့ ရခိုင်ဒေသခံ လယ်သမားတွေက ဘယ်လိုများမှာချင်ပါလဲ။

ဖြေ။ “ဘယ်လိုပြောရမလဲဆိုရင် သဘောကမျိုးကတော့ မုန်တိုင်းကျပေမဲ့ မျိုးက အကုန်လုံး ပျက်စီးသွားမှာ မဟုတ်ဘူး။ ရှိတဲ့သူလည်းရှိတယ်။ ပူတဲ့သူလည်း ပူတယ်။ တခြားနေရာက မျိုးစပါးကို ဖြစ်လားဆိုရင်တော့ ဖြစ်တယ်။ ကျနော်တို့လည်း ရွှေဘိုဘက်တို့၊ ပွင့်ဖြူဘက်တို့ မျိုးစပါးတွေမှာပြီး စိုက်ဖူးတယ်။ ဖြစ်တယ်။ စိုက်လို့ရတယ်။”

မေး။ အဓိကလိုတာက ထွန်ဖို့ယက်ဖို့၊ စက်သုံးဆီ၊ ဓတ်မြေသြဇာတို့၊ ငွေကြေးအရင်းအနှီးတို့ ဒါတွေလိုတာပေါ့နော်။

ဖြေ။ “ဟုတ်တယ်။ ကျနော်တို့ ရခိုင်မှာက စပါးက တင်းတရာလိုချင်ရင် တင်းတရာရတယ်။ ညက်ညက်ထွန်ရမယ်၊ စိပ်စိပ်စိုက်ရမယ်။ ဓာတ်မြေသြဇာကို လုံလောက်အောင် ကျွေးရမယ်။ အဲ့လိုဆိုရင် ရာသီဥတုလည်း ကောင်းမယ်ဆိုရင် တင်းတရာလိုချင်ရင် တင်းတရာရတယ်။ တင်းငါးဆယ်လိုချင်ရင် တင်းငါးဆယ်ရတယ်။ ဒါပေမဲ့ အကုန်လုံးကတော့ တင်းတရာ လိုချင်ကြတာပေါ့။ ဒါပေမဲ့ သွင်းအားစုအတွက် ပိုက်ဆံမရှိဘူးဆိုရင် တင်းတရာမရဘူး။ ကျနော့်အတွေ့အကြုံအရ ပြောတာလေ။ သွင်းအားစုက တဧကကို ဓာတ်မြေသြဇာ တအိတ်ထည့်ရမယ်ဆိုရင် တဝက်ပဲထည့်မယ်ဆိုရင် တင်းငါးဆယ်တို့၊ လေးဆယ်တို့၊ ခြောက်ဆယ်ပဲရမယ်။ မဟုတ်ဘူး။ တအိတ်ထည့်မယ်ဆိုရင် တရာရတယ်။ ဒါပေမဲ့ ထွန်တဲ့ဟာလည်း ညက်ရမယ်ဆိုရင် ပြောတာပါ။ ကျနော်တို့ စားနပ်ရိက္ခာလည်း ဖူလုံသွားတာပေါ့။ နောက်ပြီးတော့ လယ်သမားတွေ ကိုယ့်ဟာကိုယ်လုပ်ကြကွာ၊ ငါတို့နဲ့မဆိုင်ဘူး၊ သူတို့ဟာသူတို့ ဘယ်လိုပဲစိုက်စိုက်ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်မှာပဲ တင်းငါးဆယ်လည်း မထွက်နိုင်ဘူး။ တင်းလေးဆယ်တို့၊ ငါးဆယ်တို့လည်း မထွက်နိုင်ဘူး။ ဟိုဘက်နားကဆိုရင် ၁၅ တင်းလား၊ သုံးဆယ်၊ လေးဆယ်လောက်ပဲထွက်တယ်။ ရခိုင်မှာလေ။ အကြမ်းလည်း အဲ့လောက်ပဲ။ အချောလည်း အဲ့လောက်ပဲထွက်တယ်။ တချို့ဆိုရင် ရိတ်လို့ကိုမရဘူး။ ရာသီဥတုမကောင်းဘူး၊ မိုးခေါင်တယ်။ ဘယ်လိုမှ စပါးကမထွက်ဘူး။ ဒါကြောင့် အခုက ဆန်ဈေးက တအားကိုတက်နေပြီ။ အခုဆန်ဈေးက ရောင်းစရာလည်းမရှိဘူး။”

မေး။ တခြား ဖြည့်စွက်ပြောပြချင်တာရှိရင် ပြောပြပေးပါ။

ဖြေ။ “မိုးစပါးကတော့ မကြာမီ စိုက်ရတော့မယ်လေ။ စိုက်ရတော့မယ်ဆိုတော့ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ တောင်သူတွေက အစည်းအဝေးလုပ်သင့်တယ်။ သက်ဆိုင်ရာကနေပြီး မိုးစပါးကို ဘယ်လိုစိုက်ကြမလဲ၊ ဘာလိုအပ်ချက်ရှိတယ်။ မျိုးစပါးလုံလောက်ရဲ့လား။ နောက်ပြီးတော့ သွင်းအားစုတွေအတွက် ငွေအရင်းအနှီးရှိရဲ့လား။ စိုက်ဧကပြည့်မီအောင် ဘယ်လိုစိုက်ကြမလဲပေါ့။ ဥပမာ ရခိုင်မှာက ဆိုပါစို့ စိုက်ဧက ဆယ့်နှစ်သိန်းရှိတယ်။ အဲ့ဒါ အကုန်လုံးကို စိုက်နိုင်ရဲ့လား၊ မစိုက်နိုင်ဘူးဆိုရင် သက်ဆိုင်ရာက ဘယ်လိုကူညီမလဲ၊ အဲ့လိုဟာမျိုးပေါ့။ အဲ့လိုဖြစ်နိုင်ရင်တော့ အချက်အလက်တွေကို စုံအောင်ကောက်မယ်ဆိုရင် ပိုကောင်းတယ်။ အဲ့လို မကောက်နိုင်ဘူးဆိုရင်လည်း မြို့နယ်ကနေပြီးတော့ အကျိုးဆောင် တောင်သူတွေကို ခေါ်ယူပြီးတော့ နေရာတခုမှာ အစည်းအဝေးတခု ကျင်းပသင့်တယ်။ စိုက်ပျိုးရေးပါသင့်တယ်၊ တောင်သူလယ်သမားတွေ ပါသင့်တယ်။ မြေစာရင်းတွေပါသင့်တယ်။ အဲ့ဒါဘယ်လိုလုပ်ကြမလဲ၊ စိုက်ပျိုးရေး ပညာရှင်တွေက၊ အရပ်ဘက်အဖွဲ့အစည်းတွေက အစိုးရက ဆွေးနွေးမှုတခု လုပ်သင့်တယ်လို့ ထင်တယ်။”

“ကျနော်တို့ ရခိုင်ပြည်နယ်က စစ်ဒဏ်လည်းခံရတယ်၊ နောက်ပြီးတော့ လွန်ခဲ့တဲ့ နှစ်လသုံးလကဆို ရေမြုပ်တဲ့ဒဏ်လည်း ခံရတယ်။ အခုဆိုရင် မုန်တိုင်းဒဏ်လည်း ခံရတယ်ဆိုတော့ လူတွေလည်း နိုင်ငံခြားသွားကြပြီ။ အဲ့နေရာမှာ စက်ကိရိယာ အစားထိုးပြီးတော့ ဘယ်လိုလုပ်မလဲ၊ စိုက်ဧကပြည့်မီအောင် ဘယ်လိုလုပ်မလဲ။ စိုက်ဧကလည်းပြည့်မီပြီ၊ ပန်းတိုင်အထွက်နှုန်းလည်းရအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ လယ်သမားတွေရော၊ ပညာရှင်တွေရော၊ အစိုးရရော အကုန်လုံး ဆွေးနွေးမှုတခုတော့ လုပ်သင့်တယ်လို့ ကျနော်မြင်တယ်။ ဒီဘက်မှာ လှပ်ထားလိုက်ရင်တော့ စိုက်ဧကသေချာတယ်၊ မပြည့်မီဘူး၊ နောက်ပြီးတော့ စိုက်ဧကပြည့်မီဦး၊ စိုက်တဲ့ဟာကလည်း ပန်းတိုင်အထွက်နှုန်းကို မရနိုင်ဘူး။ ဒါရာသီဥတု ကောင်းရင်ပြောတာ။ ရာသီဥတု မကောင်းရင်ပိုဆိုးမယ်။ ကောင်းရင်လည်း ပန်းတိုင်အထွက်နှုန်းကို မရနိုင်ဘူး။”

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024