Home
မြန်မာသတင်း
စစ်ကိုင်းတွင် လူ ၃ ဦး ရေဆင်းကူးရာမှ ရေနစ်ပြီး ၂ ‌ဦးသေဆုံး
DVB
·
May 28, 2023
347404485_201175782822277_7356081209662177881_n

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ၊ ရှင်ဖြူရှင်လှရေချိုးဆိပ်မှာ မေ ၂၈ ရက် နေ့လယ်ပိုင်းက အမျိုးသား ၃ ဦး ရေဆင်းကူးရာမှ ရေနစ်နေတာကြောင့် ၂ ဦး သေ၊ ၁ ဦးကို အသက်ရှင်ရက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်မီးသတ်ဌာနက ပြောပါတယ်။

နေ့လယ် ၁ နာရီခွဲခန့်က အဆိုပါ အမျိုးသား ၃ ဦးစလုံးရေချိုးဆိပ်မှာ ရေကူးနေရာမှ တဦး ရေနေတာကြောင့် နောက်လူငယ်တဦးက သွားရောက်ကယ်ဆယ်ရာ နှစ်ဦးစလုံး ရေနစ်နေပြီး အသက် ၂၈ နှစ်အရွယ် အမျိုးသားဖြစ်သူက သွားရောက်ကယ်ဆယ်ခဲ့တာပါ။

စစ်ကိုင်းမြို့နယ်မီးသတ်ဌာန တာဝန်ရှိသူ တဦးက  "ဖြစ်တာတော့ ၁ နာရီခွဲလောက်ကပါ။ သေသွား တာက တယောက်က ၁၅ နှစ်၊ တယောက်က ၁၇ နှစ်။ ဆင်းချိုးတာတော့ ၃ ယောက်၊ ၁ ယောက် ကတော့ ဘာမှ မဖြစ်တော့ပါဘူး၊ စစ်ကိုင်းကုတင် ၂၀၀ ဆန့် ပြည့်သူ့ဆေးရုံကြီးကို ပို့ထားပါတယ် "လို့ ပြောပါတယ်။

ထပ်ကယ်တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားပါ ရေမွန်းနစ်မြုပ်နေခဲ့တာကြောင့် ပြန်လည် ဆယ်ယူနိုင်ရေးအတွက် အနီးအနားနေသူတွေက မြို့နယ်မီးသတ်နဲ့ ကယ်ဆယ်ရေးအသင်းတွေကို ဖုန်းဆက် အကူအညီတောင်းခဲ့ပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာ ပထမဆုံး နစ်မြုပ်သူ အသက် ၁၅ နှစ်နဲ့ ၁၇ နှစ်အရွယ် လူငယ်တို့ သေဆုံးသွားပြီဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် အမျိုးသားကို အနီးအနားနေထိုင်သူတဦးက ကယ်တင်ခဲ့တာကြောင့် အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်း‌အရေးပေါ်ကယ်ဆယ်ရေးအသင်းက တာဝန်ခံက "ပထမတယောက်က နစ်တာကို ‌နောက်တယောက်က ဝင်ကယ်တာ၊ အဲ့တယောက်ပါ ထပ်နစ် သွားတော့၊ နောက်တယောက်က ဝင်ဆယ်တာပေါ့။ ၃ ယောက်စလုံး ‌နစ်နေတော့ ဘေးမှာ ရေကူး နေတဲ့ အဘိုးကြီးတယောက်က တတိယမြောက်လူငယ်ကို ကယ်လိုက်တာ" လို့ ပြောပါတယ်။

မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီဖြစ်ပြီး သေဆုံးသူတွေဟာ စစ်ကိုင်းမြို့ ဒီဇယ်စက်ခေါင်းစက်ရုံမှာ နေထိုင်သူတွေလို့ သိရပါတယ်။ 

သေဆုံးသူ ၂ ဦး ရုပ်အလောင်းနဲ့ အသက်ရှင်ခဲ့သူ ၁ ဦးကို စစ်ကိုင်းမြို့နယ်မီးသတ်၊ ထုံးဘို အရန်မီးသတ်၊ စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအသင်းနဲ့ ပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့ကုတင် ၂၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024