
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းမှာ မေ ၂၇ ရက် မနက်က ဒုံးပိုက်ကျေးရွာသား တယောက် တောဆင်ရိုင်းနင်းခံရပြီး သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတွေ က ပြောပါတယ်။
သေဆုံးသူ အသက် ၇၀ ရှိ ဦးမောင်လှကြီးဟာ ရွာနဲ ၄ ဖာလုံအကွာလောက်က မေယုတောင်တန်းဆီ ဝါးခုတ်သွားချိန် ဆင်နင်းခံရတာလို့ ဒုံးပိုက်ကျေးရွာသားတဦးက ပြောပါတယ်။
"သူက မုန်တိုင်းနဲ့ အိမ်တွေ ပျက်စီးသွားတာကြောင့် အိမ်လုပ်ဖို့ ဝါးခုတ်ဖို့ သွားတာမှာ တောဆင်ရိုင်း နင်းခံပြီး သေဆုံးသွားတာဖြစ်တယ်။ ရွာမှာက အိမ်တွေ အကုန်လုံးက ပျက်စီးသွားတော့ ရွာသားတွေမှာ အိမ်က မဆောက်လို့မရတော့ တော၊ တောင်တွေ သွားပြီး သစ်၊ ဝါးတွေက ခုတ်နေကြရတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အန္တရာယ်ကိုလည်း ကြောက်နေကြရတယ်။"
ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ကြားရှိ မေယုတောင်တန်းမှာ တောဆင်ရိုင်းတွေ ကျက်စားကြပြီး ဒေသခံတွေရဲ့ စပါးခင်းတွေ၊ ဥယျာဥ်ခင်းတွေကို မကြာခဏ ဖျက်ဆီးသလို ဒေသခံတွေရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်နေကြရတဲ့ အခြေအနေတွေ ရှိပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ဘူးသီးတောင်မြို့နယ်မှာ ဒေသခံအမျိုးသား ၃ ဦး တောဆင်ရိုင်း နင်းခံရပြီး သေဆုံးခဲ့ပါတယ်။