Home
ဆောင်းပါး
အထမ​မြောက်​ခဲ့သော မစ်ရှင်တခု
DVB
·
May 27, 2023

(၁)

၁၉၉၂ ခု၊ နွေဦးတည။

အုတ်တွင်းမြို့နယ် စစ်​တောင်းမြစ်​ဘေး သရက်အုပ်ရွာ။

စစ်​တောင်းမြစ်မှာ နွေအခါမို့ သောင်ထွန်း​နေသည်။ သရက်အုပ်ရွာဘက်တွင် သောင်ပြင်ကျယ်ကြီးထွန်းနေပြီး မြစ်​ကြောင်းမှာ မြစ်အ​ရှေ့ဘက်ကမ်း ကုက္ကိုခွရွာ​ခြေကို ကပ်လျက်စီး​နေသည်။

ပိန်းပိတ်​အောင်​မှောင်​နေသည့် သောင်ပြင်​ပေါ်တွင် ကျ​နော်နှင့် ကိုဆန်းလင်းတို့ နှစ်​ယောက်တည်း ထိုင်လျက် စကား​ပြောကြသည်။ ကျ​နော်တို့နှင့် မလှမ်းမကမ်းတွင် မောင်လှချိုနှင့် ကိုဆန်းလင်း၏ရဲ​ဘော်တဦး တိတ်ဆိတ်စွာ ထိုင်​နေသည်။

ရွာ​​ခြေ​သောင်စပ်တွင် ကျ​နော် တာဝန်​ပေးထားသည့် လူငယ်တဦး ရှိ​နေသည်။ ကျ​နော်တို့အားလုံး သောင်ပြင်​ပေါ်တွင်  အချင်းချင်းပင် မမြင်နိုင်​လောက်​အောင် အ​မှောင်ထုက လွှမ်းမိုးထား၏။ သောင်ပုရွာမှာ ထူးထူးခြားခြား တိတ်ဆိတ်စွာ အိပ်​မောကျ​နေ​လေသည်။

ကျ​နော်က ကိုဆန်းလင်းကို အ​ခြေအ​နေအားလုံး ရှင်းပြသည်။ အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ၁၉၉၀ ပြည့် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးခင်​မောင်ဝင်း အ​ကြောင်း ရှင်းပြရသည်။ ကိုဆန်းလင်းက မရှင်းလင်းသည့်အချက် သိလိုသည့်အချက်များကို မေးသည်။

ပြောဆို​ဆွေး​နွေးလို့ နိဂုံးချုပ်သည့်အခါ ကိုဆန်းလင်းကို အတင့်မရဲဖို့ သတိနှင့်သွားလာဖို့ သတိ​ပေးရသည်။ ကိုဆန်းလင်းတို့နှစ်​ယောက် မြစ်တဖက်ကမ်းသို့ ပြန်ကူးသွား​သောအခါ  ညသန်း​ခေါင်​ကျော် နှစ်နာရီထိုးပြီဖြစ်သည်။

ကျ​နော်နှင့် ​မောင်လှချို၊ မောင်လင်းဦးတို့သုံးဦး သရက်အုပ်ရွာ ကမ်းပါးထိပ်တွင်ရပ်ကာ ရွာရိပ်ရွာ​ခြေကို အကဲခတ်ကြသည်။ သရက်အုပ်ရွာမှာ အ​မှောင်ထုကြီးထဲ မြုပ်ဝင်တိတ်ဆိတ် ငြိမ်သက်လျက်ပင် ရှိ​နေ​လေသည်။ အ​မှောင်ထု​အောက်မှာပင် ကျ​နော်တို့သုံး​ယောက် လူစုခွဲလိုက်ကြ၏။

(၂)

ထန်းတပင်မြို့နယ် ​တောင်​ပေါ် တိတ်ပုရွာ။

တဲ​တလုံးပေါ်တွင် ကျ​နော်နှင့်အတူ KNLA တပ်ခွဲမှူး ဗိုလ်​ကျော့​မေနှင့် ကိုဆန်းလင်းတို့ ခေါင်းချင်းဆိုင်ထိုင်ကာ စကား​ပြောကြ၏။

ကျ​နော်တို့၏စကားဝိုင်းမှာ စစ်အစိုးရက ဖမ်းဆီးထားသည့် အုတ်တွင်းမြို့နယ် NLD အမတ် ဦးခင်​မောင်ဝင်းအ​ကြောင်းက အဓိကဖြစ်၏။ ဦးခင်​မောင်ဝင်းသည် ဖမ်းဆီးခံရချိန်က အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်၏။ ၉၀ ပြည့်​ ရွေး​ကောက်ပွဲ အနိုင်ရ အမတ်တဦးလည်း ဖြစ်၏။ ထိုစဥ်က ကျ​နော်သည် အုတ်တွင်းမြို့နယ် NLD မြို့နယ်အလုပ်အမှု​ဆောင် ​ကော်မတီဝင်ဖြစ်သည့်အပြင် ဦးခင်​မောင်ဝင်းနှင့် အရင်းနှီးဆုံး နိုင်ငံ​ရေးလုပ်​ဖော်ကိုင်ဘက်တဦး ဖြစ်၏။ ထို့​ကြောင့် အဖမ်းခံထားရသည့် ဦးခင်​မောင်ဝင်းအား ကယ်တင်​ခေါ်​ဆောင်ကာ မာနယ်ပ​လောသို့ ပို့​ဆောင်နိုင်​ရေးကိစ္စကို ကျ​နော်ကပင် တိုက်တွန်းဦး​ဆောင် ဆွေး​နွေးခဲ့၏။ ကျ​နော်တို့၏စကားဝိုင်းမှာ ဦးခင်​မောင်ဝင်းအား ကယ်တင်​ခေါ်​ဆောင်နိုင်​ရေး အဓိကထား ဆွေး​နွေးကြခြင်းသာ ဖြစ်ခဲ့သည်။ ထိုစဥ်က ဒေါက်တာစိန်ဝင်း​ ခေါင်း​ဆောင်သည့် အမျိုးသားညွန့်​ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းပြီး စစ်အစိုးရဆန့်ကျင်​ရေး စင်ပြိုင်အစိုးရ ထူ​ထောင်ထားကာစအချိန် ဖြစ်သည်။ ဦးခင်​မောင်ဝင်းအား ဒေါက်တာစိန်ဝင်းတို့ထံ ကယ်ထုတ်ပို့​ဆောင်နိုင်​ရေးကိုစ္စကို ကိုဆန်းလင်းက အထူးစိတ်ထက်သန်​နေခဲ့၏။ သူ အတတ်နိုင်ဆုံး ကူညီမည်ဟုလည်း ကတိ​ပေး၏။

တောင်​ပေါ် တိတ်ပုရွာက​လေးသို့ လျှို့ဝှက်စွာ ခေတ္တတက်လာသူ ကျ​နော့်ကို ကိုဆန်းလင်းက ဗိုလ်ကျော့မေနှင့် မိတ်ဆက်​ပေး၏။ ကိုဆန်းလင်းမှာ ထိုအချိန်က KNU တပ်မဟာ ၂ နယ်​မြေ တောင်ငူခွင်တွင် ဗိုလ်​ကျော့​မေနှင့်တွဲကာ ကျောင်းသားတပ်မ​တော် ၂၁၀ တပ်ရင်း တပ်ရင်းမှူးအဖြစ် လက်နက်ကိုင်​တော်လှန်​ရေးအလုပ် လုပ်ကိုင်​​နေ​သောအချိန် ဖြစ်သည်။

ကျ​နော်နှင့် ကိုဆန်းလင်းက ရှစ်​လေးလုံး အရေး​တော်ပုံကာလ ဒီမိုက​ရေစီ​ရေး လှုပ်ရှားချိန်များက တောင်ငူခွင်တွင် အတူတွဲ၍ အလုပ်လုပ်ခဲ့ကြ၏။ ကျ​နော်က အုတ်တွင်းမြို့နယ် စစ်​တောင်းမြစ်​ဘေး​ကျေးရွာများကို စုစည်း စည်းရုံးပြီး ကိုဆန်းလင်းက တောင်ငူ ရွှေဆံ​တော်ဘုရား ကုန်း​တော်​ပေါ်တွင် သပိတ်တပ်ဦး​ခေါင်း​ဆောင်တဦး ဖြစ်၏။ စစ်တပ်က အာဏာသိမ်းသည့်ညတွင် ကိုဆန်းလင်းက လက်နက်ကိုင်​တော်လှန်​ရေး ဆက်လုပ်မည်ဟုဆိုကာ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာသွားခဲ့၏။ နောင်အခါ ကျောင်းသားတပ်မ​တော် တပ်ရင်း ၂၁၀ ၏ တပ်ရင်းမှူးအဖြစ် တောင်ငူခွင် ထန်းတပင်မြို့နယ် တောင်​ပေါ်စခန်းများသို့ ရောက်လာ၏။ ကျ​နော်ကမူ အုတ်တွင်းမြို့နယ် အမျိုးသားဒီက​ရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှု​ဆောင်အဖြစ် သရက်အုပ်ရွာတွင် ရှိ​နေခဲ့စဥ် ကိုဆန်းလင်းနှင့် ပြန်လည်ဆက်သွယ်မိကြခြင်း ဖြစ်သည်။

တိတ်ပုရွာ​ဆွေး​နွေးပွဲတွင် ကျ​နော်တို့သုံးဦး လွှ​တ်တော်ကိုယ်စားလှယ် ဦးခင်​မောင်ဝင်းကို ကယ်ထုတ်ကြရန် သ​ဘောတူ ဆုံးဖြတ်ခဲ့ကြ၏။ အ​သေးစိတ်လုပ်ငန်းစဥ်များကို ကျ​နော်နှင့် ကိုဆန်းလင်းက တာဝန်ယူ​ဆောင်ရွက်ရန် သ​ဘောတူခဲ့ကြ၏။

တောင်​ပေါ် တိတ်ပုရွာက​လေးမှ ပြန်လာ​သောအခါ ကျ​နော့်မှာ လွှ​တ်​တော်ကိုယ်စားလှယ် ဦးခင်​မောင်ဝင်းအား ကယ်တင်​ခေါ်​ဆောင်ကာ ထိုင်း-မြန်မာနယ်စပ် တော်လှန်​ရေးဌာနချုပ် မာနယ်ပ​လောသို့ ပို့​ဆောင်နိုင်​ရေးလုပ်ငန်းအတွက် အထူးပင် စိတ်လှုပ်ရှား​​​နေခဲ့ရ၏။

(၃)

လွှတ်​တော်ကိုယ်စားလှယ် ဦးခင်​မောင်ဝင်း ကယ်ထုတ်ဖို့ လုပ်ငန်းစဥ်တွင် ကျ​နော်နှင့် ကိုဆန်းလင်းက နယ်​မြေနှစ်ခုပိုင်းပြီး တပိုင်းစီတာဝန်ယူရန် သတ်မှတ်လိုက်ကြ၏။ ကျ​နော်က ဦးခင်​မောင်ဝင်းအား ကယ်ထုတ်ပြီး ထန်းတပင် စစ်​တောင်းမြစ်ကမ်းအထိ ခေါ်​ဆောင်လာရမည်ဖြစ်ပြီး စစ်​တောင်းမြစ်ကမ်းမှတဆင့် ထန်းတပင်မြို့နယ် ကျေးရွာတချို့ကို ဖြတ်ကာ တောင်​ပေါ်​ရောက်သည်အထိ ကိုဆန်းလင်းက တာဝန်ယူရန် သ​ဘောတူခဲ့ကြပါသည်။

ထိုစဥ်က တောင်ငူ​ထောင်ထဲထည့်ထား​သော ဦးခင်​မောင်ဝင်းကို အုတ်တွင်းတရားရုံး ထုတ်သည့်အခါ ရဲများက ခရီးသည်တင်ကား တစီးစီးကို ချောဆွဲ၏။ ထိုကား​ပေါ်တွင် ရဲဒုလုံခြုံ​ရေးတဦးနှင့် အခြားရဲတဦးက လက်ထိပ်ခတ်ထား​သော ဦးခင်​မောင်ဝင်းကို တင်ကာ ထောင်ငူ​ထောင်ထဲမှတဆင့် အုတ်တွင်းတရားရုံးသို့ ရုံးထုတ်​ခေါ်လာ​လေ့ရှိ၏။ လမ်းမှတား၍စီး​သော ခရီးသည်တွေ့လျှင်မူ ကားရပ်ပြီးတင်ရန်ကို ရဲများက ခွင့်ပြုလေ့ရှိ၏။

ကျ​နော်က ယုံကြည်စိတ်ချရသူ လူငယ်နှစ်ဦးနှင့်အတူ ရုံးထုတ်ပြီးပြန်လာ​သော ဦးခင်​မောင်ဝင်းတို့၏ကားကို လမ်းတ​နေရာမှတား၍ ခရီးသည်ဟန်​ဆောင်ကာ တက်စီးကြမည် ဖြစ်သည်။ နောက်ထပ်တ​နေရာအ​ရောက်တွင် ကိုဆန်းလင်းနှင့် သူ့ရဲဘော်တဦးက ခရီးသည်ဟန်​ဆောင်ကာ ကားတက်စီးမည်။

တောင်ငူအဝင် ခ​ပေါင်းတံတားမ​ရောက်ခင် တ​နေရာတွင် ကျ​နော်တို့​ငါးယောက်က ရဲများထံမှ ​သေနတ်လုမည်။ ကားဆရာ​နေရာတွင် ကိုဆန်းလင်း ဝင်ထိုင်ကာ ကား​မောင်းမည်။ ကားဆရာနှင့် ရဲနှစ်ဦးကို ကြိုးတုပ်ကာ မျက်လုံးနှင့်ပါးစပ်များ တင်းကျပ်စွာစည်းမည်။ ခ​ပေါင်းတံတား လမ်းခွဲမှတဆင့် ထန်းတပင်မြို့ မြစ်ကူးတံတားနား ​ရောက်သည်အထိ ကိုဆန်းလင်းက ကား​မောင်းမည်။ တံတားမ​ရောက်ခင် လမ်း​ဘေး​တောအုပ်ထဲ ကားကိုထားခဲ့မည်။ ကားဆရာနှင့် ရဲနှစ်ဦးကို ကား​ပေါ်တွင် တ​နေရာစီခွဲ ကြိုးတုပ်ထားခဲ့မည်။ စစ်​တောင်းမြစ်ကမ်း အသင့်​စောင့်နေ​သောစက်​လှေဖြင့် ထန်းတပင်မြို့ဘက် ကူးမည်။ မိုးမချုပ်ခင် တောင်​ခြေ ကင်မွန်းခြုံရွာ အ​ရောက်သွားမည်။ အသင့်​စောင့်နေသော ဗိုလ်​ကျော့​မေ၏ တပ်ဖွဲ့နှင့်အတူ တောင်​ပေါ်သို့ တက်ကြမည်ဖြစ်သည်။ ကျ​နော်နှင့် လူငယ်နှစ်ဦးသည်လည်း လက်နက်ကိုင်​တော်လှန်​ရေး အပြီးအပိုင်လုပ်ရန် တောင်​ပေါ်သို့ အတူလိုက်ပါကြရန် စဥ်းစားထားခဲ့ကြပါသည်။

သည်အစီအစဥ်ကို ကျ​နော်နှင့် ကိုဆန်းလင်းတို့ တကြိမ်တည်းသာ လေ့ကျင့်ပြင်ဆင်နိုင်သည်။ ဦးခင်​မောင်ဝင်း၏ ရုံးထုတ်သည့်​နေ့များတွင် သူ့မိသားစုနှင့်အတူ တခြား​တွေ့လိုသူများက အုတ်တွင်းတရားရုံးတွင် တစုံတရာ လွတ်လပ်စွာ ဦးခင်​မောင်ဝင်းကို တွေ့လို့ရ၏။ စကား​ပြောလို့ရ၏။ ထို့ကြောင့် ကျ​နော်နှင့် ကိုဆန်းလင်းတို့ တစုံတရာ ကြိုတင်ပြီး​ ပြင်ဆင်ပြီးသောအခါ သည်တခါရုံးထုတ်လျှင် ကျ​နော်တို့၏အစီအစဥ်ကို ဦးခင်​မောင်ဝင်းအား ​ပြောပြမည်။ ဦးခင်​မောင်ဝင်းက သ​ဘောတူ လက်ခံပါက နောက်တကြိမ်ရုံးထုတ်လျှင် စီစဥ်ထားသည့်အတိုင်း အ​ကောင်အထည်​ဖော်ကြရန် သ​ဘောတူ ဆုံးဖြတ်လိုက်ကြ၏။

(၄)

ကံမ​ကောင်း အ​ကြောင်းမလှသဖြင့် အုတ်တွင်းမြို့နယ် လွှတ်​တော်ကိုယ်စားလှယ် ဦးခင်​မောင်ဝင်းအား ကယ်တင်​ခေါ်ထုတ်ကာ တော်လှန်​ရေးဌာချုပ်စခန်း မာနယ်ပ​လောသို့ပို့ရန် ကျ​နော်နှင့် ကိုဆန်းလင်းတို့၏ အစီအစဥ်မှာ အထမ​မြောက်ခဲ့၊ မ​အောင်မြင်ခဲ့ပါ။

သည်တခါ ရုံးထုတ်သည့်အခါ ရဲက ရုံးထုတ်ရက်မဟုတ်ဘဲ စ​နေ​နေ့ကြီး ဦးခင်​မောင်ဝင်းကို အုတ်တွင်းသို့ ခေါ်လာကြ၏။ မိသားစုကိုလည်း အ​ကြောင်းကြားခြင်းမရှိပါ။ ယင်း​နေ့တွင်ပင် ဦးခင်​မောင်ဝင်းအား ထောင်ဆယ်နှစ်အမိန့်ကို တရားသူကြီးက  ဖတ်ပြခဲ့ပါသည်။ ထို့​နောက်  ဦးခင်​မောင်ဝင်းအား တောင်ငူ​ထောင်အတွင်း အလျင်အမြန် ပြန်ပို့လိုက်ကြ၏။

ထိုအချိန်မှစပြီး ဦးခင်​မောင်ဝင်းအား မိသားစုမှလွဲ၍ မည်သူမျှ တွေ့ခွင့်မရ​တော့ပါ။

မတရား အဖမ်းခံထားရသည့် လွှတ်​တော်ကိုယ်စားလှယ်တဦးအား ကယ်တင်​ခေါ်​ဆောင်ကာ ဒေါက်တာစိန်ဝင်းတို့နှင့် တွေ့ဆုံ​ပေးနိုင်​ရေး ကျ​နော်နှင့် ကိုဆန်းလင်းတို့၏ အစီအစဥ်မှာ အ​ကောင်အထည်ဖော်ခွင့် မရခဲ့ကြ​တော့ပါ။     ။

ငြိမ်း​ဝေ(ကဗျာ့အိုး​ဝေ)

မှတ်ချက်။    ။ ကျောင်းသားတပ်မ​တော် ၂၁၀ တပ်ရင်းမှူး ကိုဆန်းလင်းမှာ နောင်အခါ မ​မျှော်လင့်ဘဲ ရန်သူ အဖမ်းခံရပြီး (၁၉၉၄) လျှို့ဝှက်စွာ အသတ်ခံခဲ့ရပါသည်။ လွှတ်​တော်ကိုယ်စားလှယ် ဦးခင်​မောင်ဝင်းမှာ အကျဥ်း​ထောင်အတွင်း ၁၂ နှစ်​ကျော်နေခဲ့ရပြီး ပြန်လည်လွတ်​မြောက်လာပြီး​နောက် ကျန်းမာ​ရေးချို့တဲ့လျက် ကွယ်လွန်ခဲ့ပြီဖြစ်ပါသည်။ (၂၀၁၈)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024