Home
မြန်မာသတင်း
ပုလောမြို့နယ်တိုက်ပွဲတွင် ပြည်သူ ၂ ဦး သေဆုံး
DVB
·
May 27, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မကျည်းကုန်းတိုက်ပွဲမှာ ခရီးသွားပြည်သူတဦးနဲ့ ဒေသခံတဦး မေ ၂၄ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကျည်းကုန်းရွာမှာ တိုက်ပွဲဖြစ်ပွားနေစဉ် မြိတ်မှ ထားဝယ်ကိုသွားမယ့် ခရီးသည်ကားနဲ့ လိုက်ပါလာတဲ့ အသက် ၂၄ နှစ်အရွယ် မမြတ်မိုးလတ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ နာရေးကူညီမှု အသင်းထံက သိရပါတယ်။

“သေဆုံးပုံက ကျည်ဆန်ဟာ ကားအနောက်မှန်ကနေ ဖောက်ဝင်လာပြီး ဦးနှောက်ကနေတဆင့် နဖူးကနေ ထွက်သွားတာပါ။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒီနေ့မှာပဲ သင်္ဂြိုဟ်လိုက်ပါတယ်” လို့ နာရေးကူညီအမှုအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာပဲ မကျည်းကုန်းရွာသားတဦးဟာလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး နာမည်နဲ့ အသက်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မေ ၂၄ ရက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ထမင်းမစားရွာက ဂိတ်စခန်း၊ မကျည်းကုန်းရွာက ဂိတ်စခန်းနဲ့ ပုလောမြို့ စာသင်ကျောင်းရှေ့ ဂိတ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နန်းပရုတ်ကျေးရွာအနီးမှာ စစ်ကောင်စီကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024