Home
မြန်မာသတင်း
မိုးမိတ် ရဲကင်းစခန်းကို ABSDF ကဝင်တိုက်၊ ရဲ ၄ ဦးသေဆုံးပြီး လက်နက်များပါသွား
DVB
·
May 26, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ ကျောက်မောရွာ ရဲကင်းစခန်းကို မေလ ၂၄ ရက် မနက်ပိုင်းမှာ ကျောင်းသားတပ်မတော် ABSDF က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရှမ်း/မြောက် ABSDF ​ပြန်ကြားရေးတာဝန်ရှိသူက ထုတ်ပြန်ပြောပါတယ် ။ 

"ကျောက်မောရွာမှာ အထိုင်ချထားတဲ့ ရဲကင်းကို  မနက် ၆ နာရီ ၁၅ မိနစ် အချိန်မှာစတင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။မနက် ၇ နာရီ ၄၅ မိနစ်မှာ စခန်းကို စီးနင်း သိမ်းပိုက်နိုင်ခဲ့တယ်။ တိုက်ပွဲအတွင်း ရဲတပ်ကြပ်ကြီး တယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့တယ်" လို့ ABSDF အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် BA-63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက်၊ ကျည်ကတ် ၉ ကတ်၊ကျည် ၆၅၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံးနဲ့ ရဲတပ်ဖွဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကာ စခန်းထဲက အမျိုး သမီး ၃ ယောက်နဲ့ ကလေး ၂ ယောက် ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ABSDF ​ပြန်ကြားရေးဌာနက တာဝန်ရှိသူက‌ဆိုပါတယ် ။

အဆိုပါ ကျောက်မောဂိတ်ရှိ ရဲနဲ့ စစ်သားတွေက သွားလာနေတဲ့ ယာဉ်တွေနဲ့ အနီးအနားရှိ လုပ်ငန်းရှင်တွေဆီကနေ ငွေတောင်းတာ၊ ရိက္ခာအတင်းတောင်းယူတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ပြည်သူ‌တွေက တိုင်ကြားလာတာကြောင့် ABSDF မြောက်ပိုင်းက သွားရောက်တိုက်ခိုက် ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ် ။

အန်စီအေအပစ်ရပ်လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေနဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ စစ်ကောင်စီတပ်တွေကို တော်လှန် တိုက်ခိုက်နေပြီး စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ပွဲဝင်နေကြတယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ် ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024