ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်ခဲ့တဲ့အတွက် အမျိိုးသား နှစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သိရပါတယ်။
လုံးခင်းကျေးရွာနဲ့ မမုံကျေးရွာမှာ လေပြင်းတိုက်ခတ်တဲ့အတွက် လူနေအိမ်တချို့ ပျက်စီးကာ မိုးကြိုးပစ်ချခဲ့တဲ့အတွက် အမျိုးသားနှစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “မနက် ၁၀ နာရီလောက်က လေပြင်းတိုက်တယ်။ ဂေါက်ကွင်းဘက်က နေအိမ်တွေ အမိုးတွေ လန်တယ်၊ သစ်ပင်တွေ လဲတယ်။ လေပြင်းတိုက်ပြီး မိုးကြိုး ၁၀ လုံးလောက် ပစ်သွားတယ်။ ဂေါက်ကွင်းနား ကုမ္ပဏီထဲကိုပစ်တာ အမျိုးသားနှစ်ဦး မိုးကြိုးထိပြီး သေသွားတယ်” လို့ ပြောပါတယ်။

မိုးကြိုးထိမှန်သေဆုံးခဲ့သူတွေဟာ မမုံကျေးရွာမှာ လာရောက်နေထိုင်တဲ့ ရေမဆေးကျောက် ရှာဖွေသူ အသက် ၄၀ အရွယ် ရခိုင်အမျိုးသားတဦးနဲ့ ကျောက်စိမ်းကုမ္ပဏီမှာ ညစောင့်တာဝန် ထမ်းဆောင်နေတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားတဦး ဖြစ်ပါတယ်။
လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်ချခဲ့တဲ့အတွက် ဂေါက်ကွင်းရပ်ကွက်က နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကာ လုံးခင်းကျေးရွာအတွင်း ရပ်ကွက်တချို့မှာတော့ သစ်ပင်တွေလဲပြိုတာ၊ ဓာတ်တိုင်တွေ လဲကျပျက်စီးတာတွေ ရှိခဲ့ပါတယ်။