


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက မီးဘေး စစ်ဘေး မုန်တိုင်းဘေးသင့် ကျေးရွာ ၃ ရွာက အိမ်ထောင်စု ၁၀၁ စုအတွက် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ဆန်၊ ဆီ၊ ဆားတွေ မျှဝေလှူဒါန်းခဲ့ပါတယ်။
မေ ၂၁ ရက်မှာ မီးဘေး စစ်ဘေး မုန်တိုင်းဘေးသင့် ကျေးရွာ ၃ ဖြစ်တဲ့ တောကျောင်းရွာ၊ လက်ပံကျွန်းရွာ၊ ထန်းဇင်းရွာက အိမ်ထောင်စု ၁၀၁ စုအတွက် ဆန်၊ ဆီ၊ ဆားတွေ သွားရောက်လှူဒါန်းခဲဲ့ပြီး တအိမ်ထောင်ကို ဆန် ၄ ပြည်၊ ဆီ ၁ ဘူး၊ ဆား ၁ ထုပ်နှုန်းနဲ့ သွားရောက်လှူဒါန်းခဲ့တာလို့ S&C မီးဘေး စစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဆားလင်းကြီးနယ်ထဲမှာ ရွာတွေက တော်တော်များများ ပျက်စီးသွားတာ။ အခု သူတို့မှာက အိမ်တွေကော၊ နှမ်းခင်း ပြောင်းခင်းတွေကော အကုန်ပျက်စီးသွားတယ်။ အခု အဓိကလိုအပ်တာက အခြေခံစားသောက်ကုန်ပေါ့။ ဆားလင်းကြီးနယ်ထဲမှာ ရွာပေါင်း ၂၀ ကျော်လောက်ရှိတယ်။ အခုမှ ၃ ရွာပဲ လှူရသေးတာ။ အခုက တအိမ်ထောင်ကို ဆန် ၄ ပြည်၊ ဆီ ၁ ဘူး၊ ဆား ၁ ထုပ် လှူခဲ့တာပါ။”
ဒါ့အပြင် မုန်တိုင်းဒဏ်ကြောင့် ကျေးရွာအတွင်းက နေအိမ်တချို့ ပျက်စီးသွားပြီး အမိုးအကာတွေ လိုအပ်မှုရှိနေတယ်လို့ ဆိုပါတယ်။
S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ မြို့နယ် ၆ မြို့နယ်၊ ကျေးရွာ ၃၉ ရွာ၊ အိမ်ထောင်စု စုစုပေါင်း ၁,၆၅၈ စုအတွက် ဆန်၊ ဆီ၊ ဆားတွေ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်၊ ကျေးရွာအများအပြားက ကျန်ရှိနေသေးတဲ့ အိမ်ထောင်စု ၅,၀၀၀ ပြည့်မီအောင်လည်း ဆက်လက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။